အစိုးရ၏ ထုတ်ပြန်ချက် နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြတိုက်များ ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ ပြတိုက်များအလိုက် သတ်မှတ်ခွင့်ပြုထားသော လူဦးရေဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ကြိုတင်စီမံ ဆောင်ရွက်မှုများရှိနေသည်ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရပါတယ်။
ယခုလက်ရှိမှာ အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားပြတိုက် (ရန်ကုန်)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်နှင့် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်တို့အတွက် online registration စနစ်ကို အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ကျန်ရှိသော ပြတိုက်များကိုလည်း Online registration စနစ် တပ်ဆင်အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ပုဂံဒေသရှိ ဘုရား၊ ပုထိုးစေတီများအား ပြန်လည်ဖူးမြော်ခွင့်ပြုသည့် အချိန်တွင် သတ်မှတ်လူဦးရေဖြင့် အချိန် အပိုင်းအခြားအလိုက် ဖူးမြော် ခွင့်ပြုနိုင်ရေးအတွက်လည်း အဆိုပါ Online registration စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကြိုတင်စီမံဆောင်ရွက်မှုများအရ ပြတိုက်များ ပြန်လည်ဝင်ရောက် ကြည့်ရှုခွင့်ပြုရာတွင် ပြတိုက်၏ အရွယ်အစား၊ ပြခန်း၏ အရွယ်အစားအလိုက် တစ်ကြိမ်လျှင် ခွင့်ပြုထားသော ကန့်သတ်လူဦးရေကိုသာ ဝင်ရောက်ကြည့်ရှုစေမှာ ဖြစ်ပါတယ်။
ပြတိုက်များအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော လူစုလူဝေးဖြစ်ပွားစေခြင်း မရှိစေရန်အတွက် ပြတိုက်သို့လာရောက်လေ့လာလိုသူများအနေဖြင့် မိမိလေ့လာလိုသည့် ပြတိုက်သို့ မိမိလေ့လာလိုသည့် အချိန်၊ နေ့ရက်တို့ကို Online စနစ်ဖြင့် registration ကြိုတင်ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။
ပြတိုက်လေ့လာသူများအနေဖြင့် Online စနစ်ဖြင့် ကြိုတင် မှတ်ပုံတင်ခြင်းကို အောက်ပါလင့်မှာ ဝင်ရောက် Registration ပြုလုပ်နိုင်ပါတယ်။
၎င်း online registration ပြုလုပ်ခြင်းကြောင့် ပြတိုက် လေ့လာသူများ အနေဖြင့် လက်မှတ်ဝယ်ယူရန် စောင့်ဆိုင်းရခြင်း၊ လူအများနှင့် ထိတွေ့ဆက်ဆံရခြင်းများမှ ရှောင်ရှားနိုင်မှာဖြစ်ပြီး ပြခန်းများအတွင်း ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာ လေ့လာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ကပ်ရောဂါတစ်ခုအနေဖြင့် ဝင်ရောက်လာတဲ့ ကိုဗစ်ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၊ အစိုးရရုံးများ၊ ပြတိုက်များ၊ စားသောက်ဆိုင်များ ယာယီပိတ်ထားကြရသော်လည်း စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင်မှုများရှိနေပါတယ်။
By Mandalay Directory
Photo_credit