Health & Wellness Live-Style Mandalay Trend

COVID-19 ရောဂါနှင့် ပတ်သက်၍ အာရုံကြော အားနည်းသူတွေ အထူးဂရုစိုက်သင့်တဲ့ အချက် (၃) ချက်

Read 1084 times

နိုင်ငံတကာ COVID-19 သုတေသနတွေ့ရှိ ချက်များအရ အတက်ရောဂါရှိသူတွေမှာ COVID-19 ရောဂါကူးစက်ခံရပါက ကိုဗစ်လက္ခဏာကြောင့်ဖြစ်သော ဖျားခြင်း၊ သွေးတွင်းအောက်ဆီဂျင် ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ 
 
အဲ့ဒါကြောင့် အောက်ပါအချက် (၃) ချက်ကို အားရုံကြောအားနည်း သူတွေ အနေနဲ့ အထူးဂရုစိုက်ကြဖို့ ပြောကြားလိုပါတယ်။ 

(၁) သောက်နေကျ ဆေးအမျိုးအစားကိုသာ ဆက်သောက်ပါ။
 
အာရုံကြော အားတိုးဆေး ဒါမှမဟုတ် ဆရာဝန်က ပြောထားတဲ့ ဆေးတွေကို သောက်နေရတဲ့ သူတွေ အနေနဲ့ ကိုဗစ်ကာလအတွင်းမှာ ဖြစ်နိုင်ရင်  မိမိသောက်နေကျဆေးက ရုတ်တရက် ကုန်သွားတယ်ဆိုရင်တောင်   သောက်လက်စဆေးကိုသာ ဆက်သောက်ထားပါ။ 
 
ပါဝင်တဲ့ဓာတုပစ္စည်း တူနေရင်တောင် ထုတ်လုပ်တဲ့ဆေး ကုမ္ပဏီမတူတဲ့အခါ ဆေးနာမည်အမျိုးမျိုး ကွဲသွားတဲ့ အပြင် ပါဝင်တဲ့ ဓာတုပစ္စည်းရဲ့ ဆေးအာနိသင်ကလည်း မတူညီနိုင်တာကြောင့် မိမိသောက်နေကျ ဆေးနာမည် တစ်မျိုးကိုသာ သောက်ဖို့ လိုအပ်ပါတယ်။
 
ဒါ့အပြင် အာရုံကြောဆိုင်ရာ တချို့ဆေးတွေက ကုမ္ပဏီတစ်ခုတည်းက ထုတ်တဲ့ဆေးကိုသာ သောက်ဖို့ သတ်မှတ်ထားတဲ့ ဆေးတွေရှိပြီး တချို့ဆေးအမျိုးအစား တွေကတော့ ကုမ္ပဏီမတူပေမယ့် ဓာတုပစ္စည်း အလားတူဖြစ်ရင် ပြောင်းသောက်လို့ရတဲ့ဆေးတွေ ရှိပါတယ်။ ဆေးအမျိုးအစားနဲ့ ပြောင်းသောက်လို့ ရ၊ မရကိုတော့ ဆရာဝန်ကို သေချာမေးကြည့်ဖို့ လိုပါလိမ့်မယ်။ 
 
(၂) အိပ်ရေးဝအောင်အိပ်ပါ။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့အောင်ကြိုးစားပါ။
 
အာရုံကြောရောဂါ ရှိတဲ့သူတွေက အိပ်ရေးမဝတာ၊ အိပ်မပျော်တာနဲ့ စိုးရိမ်ပူပန်မှု တွေကြောင့် ရောဂါအခြေအနေ ဆိုးလာနိုင်တာကြောင့် အိပ်ချိန်မှန်ပြီး အိပ်ရေးဝအောင် အိပ်ဖို့ အရေးကြီးပါတယ်။ 

စိတ်ဖိစီးမှုမများစေရန် Social Media နဲ့ Internet တွေမှာ ကိုဗစ်-၁၉နဲ့ ပတ်သက်တဲ့ သတင်းတွေချည်း  မဖတ်ဘဲ အခြားအကြောင်းအရာတွေ ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ လက်ရှိအခြေ အနေကိုသိရုံ သတင်းကို အချိန်ပိုင်းနားထောင်တာ စတာတွေကို မိမိဝါသနာ အလိုက် ရွေးလုပ်ခြင်းနဲ့ အချိန်ကုန်ပါစေ။ နောက်ဆုံး အနေနဲ့တော့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ဖုန်းဆက်ပါ၊ SMS ပို့ပါ။
 
(၃) အရေးပေါ်ဖြစ်လျှင် စနစ်တကျ ကုသမှုခံယူပါ။
 
မိသားစုဝင်တွေဟာ အာရုံကြော အားနည်းတဲ့ သူတွေရဲ့ လူနာကို ပြုစုပေးရတဲ့ အရေးပေါ်ပြုစုနည်းတွေကို သိအောင်ပြုလုပ်ထားဖို့ အရေးကြီးပါတယ်။ အရေးပေါ် ဖြစ်လာတဲ့ အခါ ထိရောက်တဲ့ကုသမှု အချိန်မီရနိုင်ဖို့ ကိုယ်နေထိုင်တဲ့နေရာ အနီးတစ်ဝိုက်က (၂၄) နာရီဖွင့်တဲ့ ဆေးရုံ၊ ဆေးခန်းလိပ်စာနဲ့  အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်(hot line)တွေကို စုံစမ်းမှတ်သားထားဖို့လဲ အရေးကြီးပါတယ်။ 
 
ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ကာလမှာ ဆေးရုံကို အချိန်မီပို့နိုင်ဖို့ ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ရမယ့် ဖုန်းနဲ့ နည်းလမ်း ကိုသိအောင် ကြိုတင်လုပ်ဆောင်ထားပါ။
 
အထက်ပါ ပြောပြထားတဲ့ အချက်များကို အာရုံကြောအားနည်းတဲ့ ရောဂါရှိသူတွေအနေနဲ့  သာမန် ကျန်းမာသူတစ်ဦးလို ပြုမူနေထိုင်နိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်နည်းတွေအတိုင်း လိုက်နာခြင်းဖြင့် ကိုဗစ်ကူးစက်မှုမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။  
 
 

 

Bookmark