Travel

ဂုတ်ထိပ်တံတားအနီးတွင် တည်ဆောက်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ပေ (၂၀၀) မှန်တံတား

Read 698 times

မြန်မာနိုင်ငံ၏ ပထမဆုံးသော မှန်တံတားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၏ ဂုတ်ထိပ်တံတားအနီးတွင် စတင် အကောင်အထည်အဖော် တည်ဆောက်တော့မည်ဟု ရှမ်းပြည်နယ်အစိုးရ၏ ပြောကြားချက်အရ သိရသည်။ 

၎င်းမှန်တံတားကို မြေအကျယ်ပေါင်း (၁၇)ဧကပေါ်တွင် တည်ဆောက်သွားမည် ဖြစ်ပြီး မှန်တံတားအပြင် 

  • အပန်းဖြေဥယျာဉ်၊ 
  • ကစားကွင်း၊ 
  • ဘန်ဂလိုများ၊ 
  • ရွက်ဖျင်တဲများ၊ 
  • စားသောက်ဆိုင်များ

စသဖြင့် လည်စရာ ပတ်စရာ၊ နားနေစရာများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

ထိုစီမံကိန်းအတွက် ရှမ်းပြည်နယ် အစိုးရနှင့် နားလည်မှု စာချွန်လွှာ MOU ကို ရေးထိုးခဲ့ပြီးဖြစ်ကာ သဘောတူညီမှု စာချွန်လွှာ MOA ကို လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မှန်တံတားစီမံကိန်းအား ဒေသန္တရဖွံ့ဖြိုးရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ တံတား၏ ဖန်သားပြင်မှာ အမြင့် (၁၆၀)ပေ၊ အလျား (၂၀၀)ပေနှင့် အကျယ် (၁၂၀) ပေ ရှိမည်ဖြစ်ပြီး တံတားပုံစံမှာ မျှော်စင်ပုံစံ ဆောက်လုပ်မည် ဖြစ်သည်။ 

လမ်းအပိုင်းအနေဖြင့် နောင်ချိုမှ ဂုတ်ထိပ်သို့ သွားသည့်လမ်းအား အစိုးရမှ ဆောင်ရွက် ပေးထားပြီး ဂုတ်ထိပ်မှ လုပ်ငန်းဆောင်ရွက်မည့်နေရာထိ လမ်းကိုမူ ချယ်ရီမူဆယ်ကုမ္ပဏီမှ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ 

၎င်းမှန်တံတား စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု ငွေပမာဏအားဖြင့် ဒေါ်လာ(၅)သန်းအောက် ခန့်မှန်ထားပြီး ချယ်ရီမူဆယ်ကုမ္ပဏီမှ ဦးဆောင်ကာ ပြည်တွင်းရှိ စိတ်ဝင်စားသော စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ 

မှန်တံတား တည်ဆောက်ရာတွင် စီမံကိန်းကာလ (၂)နှစ်ခန့် ကြာနိုင်မည်ဟု ခန့်မှန်းထားပြီး လာမည့် (၂၀၂၂) ခုနှစ်တွင် စတင်ဖွင့်လှစ် အသုံးပြုနိုင်ရန် မျှော်မှန်းကြောင်း "ချယ်ရီမူဆယ်" ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

မှန်တံတား တည်ဆောက်ခြင်းအားဖြင့် ၎င်းနေရာနှင့် အနီးတစ်ဝိုက်တွင်ရှိသော ရွာများမှ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကိုလည်း ပိုမိုအထောက်အကူ ပြုစေနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ 

Bookmark