Food and Drink

ဖောင်းဖောင်းအိအိ အာလူးပူရီလေးကို အေးတဲ့အထိ ဖောင်းနေအောင် ဘယ်လိုလုပ်စားကြမလဲ?

Read 383 times

အာလူးပူရီလို့ ဆိုလိုက်တာနဲ့ ကြွပ်ရွပြီး ဖောင်းဖောင်းလေး ဖြစ်နေတဲ့ ဂျုံသားနဲ့ အာလူးဟင်းအနှစ်ကို ပြေးမြင်ကြမယ်လို့ ထင်ပါတယ်။ အာလူးပူရီဟာ အိန္ဒိယ လူမျိုးတွေရဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူကြိုက်များခဲ့တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ 

အခုလက်ရှိမှာလည်း မြန်မာပြည်သူ ပြည်သားတွေရဲ့ Favourite မနက်စာတွေထဲမှာ ပူရီတွေလည်း ပါဝင်ပါတယ်။ အာလူးပူရီတွေဟာ လက်ဖက်ရည်ဆိုင်‌ကြီးတွေနဲ့ အိန္ဒိယ အစားအစာ သီးသန့်ရောင်းတဲ့ ဆိုင်တွေမှာပဲ ဝယ်ယူရရှိနိုင်တာမျိုးပါ။ 

အာလူးပူရီဟာ ပြုလုပ်ရတာ လက်ဝင်သလို၊ စိတ်ရှည်လက်ရှည် ပြုလုပ်မှသာ အနံ့အရသာ ပြည့်စုံကောင်းမွန်တဲ့ စားစရာတစ်ခု ဖြစ်လာတာပါ။ ဒါ့အပြင် ကြွပ်ဖောင်းနေတဲ့ မုန့်သားတွေဟာလည်း ပြုလုပ်တဲ့သူက မကျွမ်းကျင်တဲ့သူဆိုရင် အိုးပေါ်က ချပြီး ခဏအတွင်းမှာပဲ ပိန်ရှုံ့သွားကြတာမျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။ 

ဒီလိုမျိုး သီးသန့်ဆန်တဲ့ အာလူးပူရီကို မိမိအိမ်မှာပဲ အလွယ်တကူ ဘယ်လို လုပ်စားကြမလဲ? နောက်ပြီး အာလူးနဲ့ တို့စားမယ့် မုန့်ကြွပ်လေးတွေကို အချိန် (၃)/(၄)နာရီအထိ ဖောင်းဖောင်းလေးပဲ ရှိနေအောင် ဘယ်လိုလုပ်မလဲ? သိချင်ရင်တော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ 

ပါဝင်ပစ္စည်း 

  • ဂျုံမှုန့် - (၂၀၀) ဂရမ် 
  • ရွှေကြည်မှုန့် - (၆၀)ဂရမ်
  • ဆား - အနည်းငယ် 
  • ဆီ - အနည်းငယ် 
  • ရေနွေး - ၁၅၀ မီလီလီတာ 
  • ရေ - ၅၀၀ မီလီလီတာ 
  • အာလူး - (၅၀၀)ဂရမ် (၃ လုံးခန့်) 
  • ကြက်သွန်နီ - (၂)လုံး 
  • ခရမ်းချဉ်သီး - (၁)လုံး 
  • ငရုတ်သီးစိမ်း - (၃)တောင့် 
  • ငရုတ်သီးအနီခြောက် - (၅)တောင့် 
  • ချင်း - အနည်းငယ် 
  • ဇီယာစေ့ - အနည်းငယ် 
  • မုန်ညင်းစေ့ - အနည်းငယ် 
  • မဆလာမှုန့် - အနည်းငယ် 
  • ကုလားပဲ အစိမ်းမှုန့် - (၁)ထုပ် 
  • နနွင်းမှုန့် - အနည်းငယ်
  • နံနံပင် - အနည်းငယ် 
  • ပျဉ်းတော်သိမ်ရွက် - အရွက် (၂၀)ခန့် 

How to make a perfect puri - The Statesman

ပြုလုပ်နည်း 

ပထမဆုံး အနေနဲ့ အချိန် (၃)နာရီ၊ (၄)နာရီအထိ ကြာသွားလည်း ဂျုံသားဖောင်းဖောင်းလေးတွေ ဖြစ်နေဖို့ အာလူးနဲ့ တို့စားရမယ့် ဂျုံသားကို အရင်လုပ်ပါမယ်။ 

၁။ ဇလုံတစ်လုံးထဲကို ရွှေကြည်မှုန့် ထမင်းစားဇွန်း (၆)ဇွန်းခန့် ထည့်ပေးပါ။ 

၂။ ဆားကို ထမင်းစားဇွန်းရဲ့ (၄)ပုံ(၁)ပုံခန့် ထည့်ပါ။ 

၃။ ဆီ ထမင်းစားဇွန်း (၁)ဇွန်းခန့် ထည့်ပြီး ကြက်သီးနွေး ထတဲ့အထိ နွေးနေတဲ့ ရေကို ထမင်းစားဇွန်း (၅)ဇွန်းခန့် အရင်ထည့်ပြီး သမအောင် မွှေထားပေးပါ။ 

၄။ မွှေပြီးရင်တော့ ဂျုံမှုန့် (ဆန်ချိန်ခွက် ၂ခွက်)ကို ရေအနည်းငယ် ထပ်ရောကာ သမအောင် မွှေပေးပါ။ (လိုအပ်သလောက် ရေအနည်းငယ်စီ ဖြည်းဖြည်းချင်း ထည့်နိုင်ပါတယ်) 

၅။ ပြီးရင်တော့ သမသွားပြီး ဂျုံနယ်လို့ရတဲ့ အခြေအနေ ဖြစ်တဲ့အထိ လက်နဲ့ နယ်ပေးရပါမယ်။ 

၆။ သမသွားပြီဆိုရင် နယ်ထားတဲ့ ဂျုံသားပေါ်မှာ အဝတ်သန့်သန့်ကို ရေစွတ်ပြီး အချိန် (၁၅)မိနစ်ခန့် နှပ်ထားပေးပါ။ 

၇။ နှပ်ပြီးရင်တော့ နောက်ထပ် (၃)မိနစ်ခန့် ထပ်နယ်ပေးပါ။ (ဂျုံသားတွေဟာ နှပ်ပြီးမှ နယ်ရင် ပိုပြီး နယ်ရလွယ်ကူပါတယ်) 

၈။ နယ်ပြီးသွားရင်တော့ ဒီဂျုံသားကို နောက်ထပ် မိနစ် (၃၀)ကနေ (၄၅)မိနစ်အထိ အဝတ်စိုလေးနဲ့ အုပ်ထားပေးပါ။ 

Puri recipe | Poori recipe | How to make Puri - Indian Veg Recipe

ဂျုံသား နှပ်ထားတုန်းမှာ အာလူးဟင်းကို စတင် ချက်ပြုတ်ပါမယ်။ 

၁။ ပထမဆုံး အိုးထဲကို ဆီ ထမင်းစားဇွန်း (၂)ဇွန်းခန့် ထည့်ပြီး အပူစပေးပါ။ 

၂။ ဆီပူလာရင် မီးကို ပြန်လျှော့ပြီး ငရုတ်သီးအနီခြောက်တွေကို မွှေးလာတဲ့အထိ မီးအေးအေးနဲ့ လှိမ့်ကြော်ပေးပါ။ (မီးပြင်းရင် ငရုတ်သီး တူးသွားတတ်တာမို့ သတိထားပေးပါနော်) 

၃။ မွှေးလာရင် ငရုတ်သီးခြောက်တွေကို ပြန်ဆယ်ပြီး ဆီအိုးထဲကို မုန်ညင်းစေ့ လက်ဖက်စားဇွန်း ဇွန်းဝက်ခန့် ထည့်ပေးပါ။ 

၄။ ပြီးရင် ဇီယာစေ့ လက်ဖက်စားဇွန်း ဇွန်းဝက်ခန့် ထည့်ပြီး မွှေပေးပါ။ 

၅။ ကြက်သွန်နီ (၂)လုံးကို အတုံးခပ်သေးသေးတွေ လှီးပြီး အိုးထဲ ထည့်ပါ။ 

၆။ ပြီးရင်တော့ ကြက်သွန်နီ အနည်းငယ် နွမ်းလာတဲ့အထိ အိုးထဲမှာ လှိမ့်ပေးရပါမယ်။ 

၇။ နုတ်နုတ်စင်းထားတဲ့ ချင်း ထမင်းစားဇွန်း တစ်ဝက်ခန့်နဲ့ လှီးထားပြီးသား ငရုတ်သီးစိမ်း (၃)တောင့်ကို အိုးထဲ ထည့်ပြီး အိုးထဲမှာ ဆက်မွှေထားပေးပါ။ 

Mumbai Bhel Puri- Bombay Bhel Puri- How to Make Bhel Puri- Kali Mirch by  Smita - Kali Mirch - by Smita

၈။ အနံ့ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီး (၁)လုံးကို ခပ်သေးသေး အတုံးလေးတွေ တုံးပြီး အိုးထဲထည့်မွှေပါ။ 

၉။ နနွင်းမှုန့် လက်ဖက်စားဇွန်း ဇွန်းဝက်ခန့် ထည့်ပြီး အာလူး (၃)လုံးကို အတုံးခပ်သေးသေးတွေ တုံးပြီး အိုးထဲမှာ သမအောင် မွှေထားပေးပါ။ 

၁၀။ ပြီးရင်တော့ ဆား လက်ဖက်စားဇွန်း (၁)ဇွန်းခန့်ထည့်ပြီး ပထမက လှော်ထားတဲ့ ငရုတ်သီးအနီခြောက် (၃)တောင့် ထည့်ကာ မွှေပါမယ်။ 

၁၁။ ရိုးရိုးရေ ၅၀၀ မီလီလီတာခန့် သို့မဟုတ် အာလူးတွေအကုန် မြှပ်သွားတဲ့အထိ ရေကိုထည့်ပြီး အဖုံးအုပ်ကာ ရေဆူတဲ့အထိ တည်ထားပေးပါ။ 

၁၂။ ရေဆူလာရင် ကုလားပဲအမှုန့် ထမင်းစားဇွန်း (၂)ဇွန်းကို ရေအနည်းငယ် ဖျော်ထားပြီး ကုလားပဲဖျော်ရည်ကို အိုးထဲထည့်ပါမယ်။ 

၁၃။ အနည်းငယ်မွှေပြီး မဆလာမှုန့် လက်ဖက်စားဇွန်း ဇွန်းဝက်ခန့် နဲ့ ပျဉ်းတော်သိမ်ရွက် အနည်းငယ် ထည့်ပါမယ်။ 

၁၄။ အားလုံးထည့်ပြီးသွားရင်တော့ အာလူးတွေ နူးအိလာတဲ့အထိ မီးအေးအေးနဲ့ တည်ထားပေးပါ။ လိုအပ်ရင် ရေထပ်ထည့်လို့ ရပါတယ်။ 

၁၅။ အာလူးနူးလာပြီဆိုရင် အာလူးတစ်ချို့ကို ယောက်မနဲ့ ချေပြီး နောက်ဆုံး လှီးပြီးသား နံနံပင် ထမင်းစားဇွန်း (၁)ဇွန်းခန့်ကို ထည့်ပေးပါ။  

အားလုံးပြီးသွားရင် ပူရီအတွက် အာလူးဟင်း အဆင်သင့် ဖြစ်ပါပြီနော်။ ဒါပြီးရင်တော့ ပထမက နှပ်ထားတဲ့ ဂျုံသားတွေဘက် ပြန်လှည့်ပါမယ်။ 

နှပ်ထားတဲ့ ဂျုံလုံးကို အရှည်ဖြစ်အောင် လှိမ့်ပေးပြီး ဂျုံလုံး ခပ်သေးသေး (၁၆)ပိုင်းအထိ ရအောင် တစ်ဖြတ်ချင်းစီ ဖြတ်လုံးပါမယ်။ ခပ်သေးသေး အလုံးလေးတွေရရင်တော့ တစ်ခုချင်းစီကို လှိမ့်တုံးနဲ့ ခပ်ပြားပြား ပုံစံ ပြန်သွင်းပါမယ်။ 

Poori Recipe, How to make Wheat Puri | Aamas Poori Recipe

ဂျုံလုံးတွေကို ဂျုံမှုန့်အနည်းငယ်ဖြူးပြီး အပြားဖြစ်အောင် လုပ်တဲ့အခါ အရမ်းပြားသွားရင်လည်း ကြော်ရင် ထပေါက်တတ်ပါတယ်၊ အရမ်းထူသွားရင်လည်း ကြော်တဲ့အခါ ဖောင်းပြီးပွမလာဘဲ ဖြစ်တတ်သလို မုန့်သားက မာပြီး စားမကောင်း ဖြစ်တတ်ပါတယ်။ 

ပြားတဲ့အခါ လှိမ့်တုံးနဲ့ မထူမပါး အနေတော်လေးတွေ ဖြစ်တဲ့အထိ ပုံသွင်းပေးရပါမယ်။ ဆိုဒ်အားဖြင့် ခန့်မှန်းခြေ (၄)လက်မ အဝိုင်းပြားနဲ့ အထူက (၀.၁)လက်မ အထူလောက် ရှိပြီဆို အဆင်ပြေပါတယ်။ ဂျုံလုံးတွေအားလုံးကို ပုံစံညီညီလေး ဖြစ်တဲ့အထိ ပြားပြီး ဂျုံမှုန့်အနည်းငယ်ဆီ ဖြူးထားပေးပါ။ 

ပြီးရင်တော့ အိုးထဲမှာ ဆီ (၁)လက်မခန့် ရှိတဲ့အထိ ဖြည့်ပြီး ဆီပူအောင် အရင်လုပ်ပါ။ ပြီးရင်တော့ ပုံသွင်းထားတဲ့ ဂျုံတွေကို စကြော်ပါမယ်။ ဂျုံရဲ့အရောင်က ခပ်ရဲရဲလေး ဖြစ်လာတဲ့အထိ ဟိုဘက်ဒီဘက် လှန်ပြီး ကြော်ပေးပါ။ 

Poori Recipe | Step by Step Pictures for Puri Recipe

ကြော်လိုက်တာနဲ့ ဂျုံသားတွေက ဖောင်းနေမှာ ဖြစ်ပြီးတော့ ရွှေကြည်မှုန့်ကို သုံးထားတာ ဖြစ်တဲ့အတွက် အချိန် (၃)နာရီ၊ (၄)နာရီ ကြာတဲ့အထိ ဖောင်းဖောင်းလေး ဖြစ်နေမှာပါ။ အားလုံးပြင်ဆင်ပြီးပြီ ဆိုရင်တော့ ဖောင်းဖောင်းအိအိ အရသာရှိတဲ့ အာလူးပူရီလေးကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်နော်။ 

Bookmark