Business Mandalay Trend Travel

မန္တလေးတိုင်းရှိ ပလင်းကမ်းသာယာဆင်စခန်းကို ကိုဗစ်အလွန်တွင် ပြန်လည် ဖွင့်လှစ်မည်

Read 597 times

ကိုဗစ်ကာလ ဖြစ်ပွားနေစဥ် အတောအတွင်းတွင် ဖွင့်လှစ်ခြင်း မရှိသည့် ပလင်း ကမ်းသာယာ ဆင်းစခန်းအား ကိုဗစ်ကာလအလွန်၌ ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 

အဆိုပါဆင်စခန်းသည် မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် အတွင်းရှိ မြင်းခြံ-ပခုက္ကူ ကားလမ်းမ ကြီးဘေး၊  အနောက်ပုလင်း ကျေးရွာအနီးရှိ  ဧရာဝတီမြစ်ကမ်းဘေး၌  တည်ရှိပြီး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားခြင်း ဖြစ်ပေသည်။

ဆင်စခန်းအား ပိတ်ထားခဲ့သည်မှာ အချိန်ကာလအားဖြင့် (၉) လခန့် ကြာမြင့်နေသည် ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆန်းသစ်မှုများအား မြင်တွေ့နိုင်စေရန်အတွက် ထိုသို့ ပြုလုပ်နေခြင်း ဖြစ်ပေသည်။

ဆင်စခန်းအား ထပ်မံဆန်းသစ်အောင် ပြုလုပ်ထားသည့် အရာများမှာ ဧရာ၀တီမြစ်ကမ်းဘက်သို့ မျက်နှာမူထားသည့် တံတားတွင်း ပုဂံသူ၊ ပုဂံသားရုပ်တုနှင့်  မုဒ်ဦး ပြုလုပ်ထားခြင်း၊ ထိုတံတားဘေးတွင် နားနေဆောင် (Tree House) များ ထပ်မံတိုးချဲ့ထားခြင်း၊  ထိုင်ခုံအသစ်များ ထပ်မံတိုးချဲ့ထားခြင်း ၊ ဓာတ်ပုံရိုက်ရန်အတွက် လှပသည့် နေရာများ ထပ်မံပြုလုပ်ထားခြင်း စသည်တို့ကို ပြုလုပ်ထားခြင်း ဖြစ်ပေသည်။

ယင်း ဆင်စခန်းရှိ ဆင်ပြတိုက်တွင်  အာဖရိကဆင်နှင့် အာရှဆင်များ  အကြောင်းအား ပိုမိုလေ့လာနိုင်အောင် စီစဉ်ထားရှိထားသည့်အပြင်  ဆင်စွယ်အစစ် ဖြစ်သည့် သပိတ်ပိုက်ဆင် စွယ်ပုံ၊ စွယ်တုတ်ဆင်စွယ်ပုံ၊ စွယ်ကားနှင့်  စွယ်စိုက်ဆင်စွယ်ပုံတို့ကို ပြသထားမည် ဖြစ်သည်။

ထို့ပြင် ကလေးကစားကွင်းနှင့် ဥယျာဥ်တို့ကိုလည်း ထပ်မံတိုးချဲ့ထားသည် ဖြစ်သည့်အပြင် ဆင်များနှင့် ပက်သက်သည့်  ဓလေ့ရိုးရာအရ ကိုးကွယ်သော ဥတေန နတ်နန်းကိုလည်း ရိုးရာနှင့် အညီ ပြန်လည် မွမ်းမံတည်ဆောက်ထားပေသည်။

ဆင်စခန်းအား ပြန်လည်ဖွင့်ခွင့် ရှိမည့်အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းချက်များနှင့် အညီ ဖြစ်စေရန်အတွက် စီမံဆောင်ရွက်နေကြောင်း သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းအား ကိုဗစ် ကူးစက်ရောဂါများ ဖြစ်ပွားမှုကြောင့် (၂၀၂၀) ၊ မတ်လ (၂၅) ရက်မှ စတင်ကာ ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်ပေသည်။

Source:MOI
 

Bookmark