Mandalay Trend Business

မန္တလေး အပါအ၀င် ပြည်နယ်နှင့် တိုင်း(၉)ခုမှ ကုန်စိမ်းသီးနှံများအား ပြည်ပသို့တင်ပို့မည်

Read 571 times

မြန်မာ့ငရုပ်သီးအပါအဝင် ကုန်စိမ်းသီးနှံများကို မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ စိုက်ပျိုးရေး ကုမ္ပဏီများမှ ပူးပေါင်းကာ  နိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မြန်မာ့ငရုပ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှ သတင်းထုတ်ပြန်ထားသည်။

ထိုသို့တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ သီးနှံပို့ကုန် ကုမ္ပဏီများ စုပေါင်းထားသည့်  (MyanFresh Holdings Limited) မှ တင်ပို့ခွင့် မှတ်ပုံတင် ပြုလုပ်ထားပြီဖြစ်ပြီး  စင်္ကာပူ၊ ဥရောပစသည့် နိုင်ငံများသို့ တင်ပို့နိုင်ရန်  ဆောင်ရွက်သွားမည် ဖြစ်သည်။

“ကုမ္ပဏီ (၁၂) ခုကနေ ပထမအဆင့်အနေနဲ့ ပူးပေါင်းပြီး ဒေသအလိုက် သီးနှံထွက်ကုန်တွေကို ဈေးကွက်ရှာဖွေ တင်ပို့သွားမှာ ဖြစ်ပါတယ်။ ပို့ကုန်သီးနှံတွေကို ရိတ်သိမ်းချိန်လွန် နည်းပညာတွေနဲ့  အသုံးပြု ဆောင်ရွက်သွားပါမယ်။ တစ်ဦးတစ်ယောက်တည်းနဲ့မလုပ်နိုင်တော့ အားလုံးစုပေါင်း အင်အားနဲ့ ကမ္ဘာဈေးကွက်ကို သီးနှံတွေ တင်ပို့သွားနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု MyanFresh Hodings Limited မှ တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထိုကုမ္ပဏီ (၁၂)ခု ပါ၀င်သည့်  ပြည်နယ် တိုင်းဒေသကြီးများမှာ - ကချင်ပြည်နယ်၊ ကယားပြည်နယ် ၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်း‌ဒေသကြီး စသည်တို့ ဖြစ်သည်။

ငရုပ်သီးအပြင် အခြားသော ကုန်စိမ်းသီးနှံများကို နိုင်ငံတကာစျေးကွက်သို့ တင်ပို့တော့မည်ဖြစ်သည့် အတွက် တောင်သူများအနေဖြင့် မိမိတို့၏ သီးနှံများကို အရည်အသွေး ပြည့်မှီစေရန် နည်းစနစ်မှန်မှန်နှင့် သေချာစွာစိုက်ပျိုးရမည် ဖြစ်သည်။

ပြည်ပသို့ မြန်မာနိုင်ငံမှ  ဆန်၊ ပဲ၊ ပြောင်း ၊ နှမ်းနှင့် ကုန်ခြောက်များကို တင်ပို့မှုများသော်လည်း ကုန်စိမ်းသီးနှံ အစိုတင်ပို့မှု နည်းပါးလျက် ရှိပေသည်။ကုန်စိမ်း သီးနှံများကို  နိုင်ငံတကာဈေးကွက်သို့ စဉ်ဆက်မပြတ် တင်ပို့နိုင်မည် ဆိုပါက  မြန်မာ့တောင်သူများ ဝင်ငွေပိုမို မြင့်မားလာမည် ဖြစ်သည်။ 

Ref,MRTV




 

Bookmark