By Thant
မန္တလေးကျုံးကို မင်းတုန်းမင်း လက်ထက်ကတည်းက တည်ဆောက်ထားခြင်း ဖြစ်ပြီး အမရပူရနန်းတော်နှင့် ပုံစံတူ ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
မန္တလေးကျုံးနှင့် နန်းတော်အား တည်ဆောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ ဒုတိယ အမြင့်ဆုံးတောင်ဖြစ်သော မန္တလေးတောင်သည် ဂေါတမမြတ်စွာဘုရား၏ ခြေတော်တင်ရာ ဖြစ်ခဲ့သည်ဟု ယုံကြည်ထားခဲ့ခြင်းကြောင့် မြန်မာမင်းတို့စံမြန်းမည့် နန်းတော်ကိုလည်း မန္တလေးတောင်၏ ခြေတော်ရင်း၌ တည်ဆောက်လျှင် မြတ်သည်ဟူ၍ ယူဆကာ တည်ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့နောက် (၁၉၉၀) ခုနှစ် ဝန်းကျင်တွင် မန္တလေးနန်းတော်အား အစိုးရမှ ပြန်လည်မွမ်းမံခဲ့ပြီး ယခင် မင်းများလက်ထက်ကတည်းက ရှိခဲ့သော အနုစိတ်လက်ရာများနှင့် အနီးစပ်ဆုံးတူအောင် ပြန်လည်တည်ဆောက် ပေးထားသောကြောင့် ရှေးမူမပျက် ဗိသုကာလက်ရာများကို ယခုချိန်အထိ လေ့လာနိုင်ဆဲ ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် တည်ရှိသော မန္တလေးကျုံးကို သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီတို့နှင့် သွားရောက်လေ့လာနိုင်ပြီး မနက်ပိုင်းသွားပါက နန်းတော်တွင်းကိုပါ လည်ပတ်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
မန္တလေးကျုံး၏ အနီးတစ်ဝိုက်တွင် စားသောက်ဆိုင်၊ ကော်ဖီဆိုင် အစရှိသည်တို့ အစုံအလင် ဖွင့်လှစ်ထားသည်ကိုလည်း တွေ့မြင်နိုင်ပြီး ကျုံးပတ်လည်တွင် ညအချိန်အခါ နန်းတော်ကို ကောင်းစွာတွေ့မြင်နိုင်စေရန် မီးဆိုင်းများလည်း တပ်ဆင်ပေးထားပါသည်။ မန္တလေးတောင်ခြေတွင် တည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် နန်းတော် အဝင်ဝမှ ကြည့်လျှင် မန္တလေးတောင်ပေါ်တွင် တည်ထားသော စေတီတော်အချို့ကို သပ္ပါယ်စွာ မြင်နိုင်မည် ဖြစ်ပါသည်။
မန္တလေးကျုံး နှင့် နန်းတော်သည် မန္တလေးမြို့၏ ပြယုဒ်တစ်ခု ဖြစ်ရုံသာမက ကမ္ဘာလှည့်ခရီးသွားများ၏ အထူးစိတ်ဝင်စားခြင်းကိုခံရပြီး မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ နေရာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် မန္တလေးရောက်လျှင် မသွားမဖြစ် သွားလည်သင့်သော နေရာများတွင် မန္တလေးကျုံးနှင့် နန်းတော်သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ရပါတော့သည်။