About Mandalay

ပုဂံ

Read 3373 times

Bagan in

ပုဂံ (Explore Mandalay)

ပုဂံဆိုတာနဲ့ စိတ်ထဲကနေ  သဘောကျနှစ်ခြိုက်နေမိတာ ဘယ်နှစ်ခေါက် ရောက်ရောက် မပြောင်းလဲတဲ့ ခံစားချက်ပါပဲ။ မြန်မာဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပေးနေတဲ့ နေရာတစ်ခုလို့ စိတ်ထဲက ခံစားရတာ အသေ အချာပါပဲ။

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ “ ကြီးမြတ်လေသော သမိုင်းကြောင်းများ ဒီမြေကြီးမှာ … မင်းတရားအနော်ရထာ ကျေးဇူးများ ဒီမြေကြီးမှာ….” ဆိုတဲ့ သီချင်းသံ တစ်ပိုင်းတစ်က ရင်ထဲ တိုးဝင်လာပါတယ်။ မြင်လေရာရာမှာ ဘုရားစေတီတွေက လမ်းညှိုးထိုးမလွဲနိုင်အောင် များပြားတာကိုကြည့်ပြီး ပုဂံပြည်သူတွေရဲ့ သဒ္ဓါတရားကို တွေးမြင်ခံစားကြည့်နိုင်သလို သရပါဂိတ်တံခါးကနေ ဖြတ်လျှောက်သွားတဲ့ သူရဲကောင်းတွေ ဘယ်လောက်များ  များ ရှိခဲ့မလဲ။

ပုဂံကို ရောက်ပြီဆိုတာနဲ့ ဘယ်နေရာက စသွားမလဲဆိုတာပါပဲ။ ကြားဖူးနေကျ ဘုရားဖူးလမ်းညွှန်တွေကို မေ့လိုက်ပါ။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ E Bike အငှားဆိုင်တွေမှာ ထား ထားပေးတတ်တဲ့ ပုဂံမြေပုံ တစ်ခု ယူလိုက်ပါ။ ကိုယ်နေတဲ့ နေရာပတ်ဝန်းကျင်တွေနားမှာ ဘယ်ဘုရားတွေ ရှိလဲဆိုတာ အရင်ဆုံးလေ့လာ သင့်ပါတယ်။ ပြီးတော့မှ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကိုဆွဲပြီး သွားတာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အလောတကြီး သွားလိုက်မယ်ဆိုရင် ပုဂံဘုရားတိုင်းက ဝင်ရောက်ကြည့်ရှုလည်ပတ်ချင်စရာ ဆွဲဆောင်နေတာချည်းပါပဲ။

ထီးလိုမင်းလိုဘုရားကတော့ ပုဂံညောင်ဦးလမ်းမကြီးနဲ့ ကပ်ရက်မှာရှိပြီး ညဖက်အထိ ဖွင့်လှစ်တဲ့ဘုရား ဖြစ်ပါ တယ်။ ထုထည်ကြီးမားတဲ့ ဂူဘုရားဖြစ်ပြီး အပေါ်စင်္ကြန်ကတော့ တက်ရောက်ခွင့် မရှိပါဘူး။ ဘုရားရဲ့ ရာဇဝင် ကလည်း ရှိပါတယ်။ သားတော်တွေအများအပြားရှိသော်လည်း ကျေးဇူးပြုဖူးတဲ့ မိဖုရားတစ်ပါးရဲ့ သားဖြစ်သူကို ဘုရင်အဖြစ် ရမရ ဆုံးဖြတ်ရာမှာ မင်းရဲ့အဆောင်အယောင်တစ်ခုဖြစ်တဲ့ ထီးဖြူရဲ့ အဆုံးအဖြတ် ကို ခံယူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ထီးဖြူက မင်းသားငယ်ဖက်ကို စောင်းတာကြောင့် ထီးကလည်း လိုတယ်၊ မင်းကလည်း လိုတယ်ဆိုတဲ့သဘော ရာဇဝင်ရှိခဲ့ပါတယ်။

ထီးလိုမင်းလိုဘုရား- မနက် ၉နာရီမှ ည ၉နာရီအထိ ဖွင့်လှစ်ပြီး ညဖက် အေးအေးဆေးဆေး ဘုရားဖူးလို့ ကောင်းပါတယ်။ ဘုရားပရဝုဏ်အတွင်းထဲမှာလည်း စီစီတီဗီတွေ တပ်ထားတာကြောင့် စိတ်ချလုံခြုံစွာ ဖူးမျှော်နိုင်ပါတယ်။

နောက်တစ်နေရာကတော့ ပုဂံမြို့ဟောင်းကနေ ထွက်လိုက်ရင် ညောင်ဦး၊ မြို့သစ် လမ်းဆုံနားမရောက်ခင်မှာ အေဒီ ၁၃ ရာစုက နရသီဟပတေ့မင်း တည်ထားခဲ့တဲ့ မင်္ဂလာစေတီပါပဲ။ မြို့ဟောင်းအနီးမှာရှိပြီး ထုထည်ကြီး မားကာ အလယ်ပစ္စယံအထိ တက်ရောက်ခွင့်ပြုပါတယ်။ စဥ့်လက်ရာတွေ တွေ့နိုင်ပြီး ရာဇဝင်မှာ တရုတ်ပြေး မင်းလို့ နာမည်တွင်ခဲ့တဲ့  နရသီပတေ့ တည်ထားခဲ့တဲ့ ဒီစေတီရဲ့ ရာဇဝင်လည်း ရှိပါသေးတယ်။

မင်္ဂလာစေတီ- လူနည်းပြီး မနက်ခင်းဖက်တွေ သွားရောက်ရင် အကောင်းဆုံးပါပဲ။ အလယ်ပစ္စယံမှာထိုင်ပြီး စာအုပ်စာတမ်းဖတ်ရှုဖို့ နေရာကောင်းတစ်ခုပါ။

ဗူးဘုရားကနေ မျှော်ကြည့်လိုက်ရင် ဧရာဝတီမြစ်နဲ့ ဟိုးအဝေးက တန့်ကြည့်တောင်ကို မှုန်ပျပျ လှမ်းမြင်နေ ရပါတယ်။ ဧရာဝတီမြစ်ဘေးတည်ထားတာဖြစ်ပြီး မိုးအခါဆိုရင် စေတီအခြေထိ မြစ်ရေတက်လေ့ရှိသလို ညနေ နေဝင်ဆည်းဆာကို လှမ်းမျှော်ကြည့်လို့ အကောင်းဆုံးပါပဲ။ ဘုရားနားဆိုက်ကပ်ထားတဲ့ သမ္ဗာန်စက်လှေ အစီ အရီနဲ့ နေဝင်ချိန်ရှုခင်းက ပနံရလှပါတယ်။

ဗူးဘုရား- ညနေ နေဝင်ခါနီး ညနေ ၄နာရီခွဲလောက် အရောက်သွားရင် အကောင်းဆုံးပါပဲ။ ညနေ နေဝင် ဆည်းဆာချိန်ကို အကောင်းဆုံးခံစားနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ နေ့လည်နေ့ခင်းကတော့ နေအတော်ပူပြီး ဘုရားမှာ အရိပ်ရတဲ့နေရာ နည်းပါးတာကြောင့် ရှောင်သင့်ပါတယ်။

ပုဂံမြို့ဟောင်းကနေ မြို့သစ်ထဲ သွားလိုက်ရင်တော့  မနူဟာဘုရားကို ဝင်ဖြစ်အောင်  ဝင်ကြည့်လိုက်ပါ။  မွန်ဘုရင်တစ်ပါးက သူ့ရဲ့ ကျဉ်းကြပ်စွာနေရတယ်ဆိုတဲ့သဘောကို ဘုရားတည်ဆောက်ရာမှာ ပြသခဲ့တယ် လို့ ဆိုကြပါတယ်။ ကြီးမားတဲ့ ဘုရားဆင်းတုတော်က အမိုးနဲ့ နီးကပ်စွာ တည်ဆောက်ထားပါတယ်။ မြန်မာ ရာဇဝင်ထဲမှာတော့ ပုဂံနဲ့ သထုံ စစ်ဖြစ်ရာမှာ မွန်ဘုရင် မနူဟာကို ပုဂံဘုရင်က ခေါ်ဆောင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သူများရပ်ရွာမှာ သူနေထိုင်ရတာကို အဲဒီနည်းနဲ့ ဖော်ပြခဲ့တယ်လို့ လူအများက ဒီနေ့အထိ ပြောဆိုနေကြပါသေးတယ်။

မနူဟာဘုရား- မွန်ဘုရင်တစ်ပါးရဲ့ ကောင်းမှုဖြစ်ပြီး သူ့ရဲ့ သဒါ၊ သူ့ရဲ့ စိတ်ခံစားမှုကို အကောင်းဆုံး ဖော်ပြနိုင် ခဲ့တဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ နေ့လည်နေ့ခင်း သွားရောက်ရင် အကောင်းဆုံးပါပဲ။ အချိန်ပိုရတဲ့ နေ့လည် နေ့ခင်းမှာ မြင်းကပါရွာဖက်ပါ သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

မိဘကျေးဇူးကို အထူးသိတတ်သူဆိုရင် ရာဇကုမာရကို ပြေးမြင်ကြမှာပါပဲ။ ဘုရင့်သားတော်တစ်ပါးဖြစ်ပေမယ့် ဘုရင်အဖြစ်ကို မရရှိခဲ့သော်လည်း ဖခင်ရဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ လှူဒါန်းမှုအစုစုကို မြစေတီကျောက်စာ (Myazedi Quadrilingual Stone Inscription) မှာ ရေးထိုးခဲ့ပါတယ်။ မွန်၊ မြန်မာ၊ ပါဠိ၊ ပျူ (Pyu) ဘာသာလေးမျိုးနဲ့ ရေးထိုးတာကို မြစေတီကျောက်စာဘုရားမှာ တွေ့ မြင်နိုင်ပါတယ်။ ဒီကျောက်စာကို Memory of the World အဖြစ် ယူနက်စကိုက ၂ဝ၁၅ ခုနှစ်မှာ အသိအမှတ်ပြုခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြစေတီကျောက်စာ- နန်းလုတဲ့ရာဇဝင်တွေ ရှိခဲ့တဲ့ မြန်မာ့သမိုင်းမှာ အလှပဆုံး ကျောက်စာတစ်ချပ်ပါပဲ။ မြင့်မြတ်တဲ့၊ သဘောထားကြီးမှုတွေကို အတိုင်းသားတွေ့မြင်ရတာဖြစ်လို့ သွားရောက်သင့်သလို အနီးနားမှာ မနူဟာဘုရား၊ ဂူပြောက်ကြီးဘုရားတို့ ရှိပါတယ်။

အဲဒီအနီးအနားမှာပဲ ရာဇဝင်ထဲက မြင်းကပါရွာက အထင်အရှား ရှိနေပါသေးတယ်။ ယွန်းထည်လုပ်ငန်းကို အများစုက လုပ်ကိုင်ကြပြီး မိသားစုလုပ်ငန်းအနေနဲ့ လုပ်ကိုင်ကြတာများပါတယ်။ ယွန်းထည်တွေ ခင်းကျင်း ပြသထားတဲ့ အိမ်ရဲ့ နောက်ဖက်မှာတော့ သူတို့ရဲ့ ကိုယ်ပိုင်ယွန်းလုပ်ငန်းအလုပ်ရုံ ရှိတတ်ကြပါတယ်။

မြင်းကပါရွာ- ယွန်းထည်အတုအစစ်ကို ခွဲခြားချင်ရင် ဈေးနှုန်းသက်သာပြီး ယွန်းထည်အလုပ်ရုံကို တွေ့ချင်ရင် တော့ မြင်းကပါရွာထဲ သွားလိုက်ပါ။

ဓမ္မရံကြီး ဆိုတာ တစ်ခုတည်း တိတ်တိတ်ဆိတ်ဆိတ်ရှိနေတဲ့ ဂူဘုရားတစ်ဆူပါပဲ။ သူရဲ့ သမိုင်းကြောင်းတွေ ကတော့ လူပြောသူပြောများပေမယ့် ထုမှာ ဓမ္မရံဆိုတဲ့အတိုင်း ပုဂံမှာ ထုထည်အကြီးဆုံးအဖြစ် နရသူက ကြီးကြပ်တည်ဆောက်ခဲ့ပြီး အုပ်တစ်ချပ်အကြားမှာ အပ်တစ်ချောင်းစာဟရင်တောင် ပန်းရန်ဆရာကို သတ်ပစ် တယ်လို့ပါ ပါးစပ်ရာဇဝင်ရှိခဲ့ပါတယ်။ စင်္ကြန် ပတ်လမ်းတွေရှိပေမယ့် အပေါ်တက်ရာ စင်္ကြန်ပေါက်မှာ ဘုရား တွေ ပိတ်ဆို့တည်ထားခဲ့တာကြောင့် အပေါ်အဆင့်တွေကို တက်ကြည့်လို့ မရပါဘူး။ အရုပ်ဆိုးတဲ့ သမိုင်း ကြောင်းတွေကို မေ့ပစ်ပြီး ထုထည်ကြီးမားပေမယ့် အကြမ်းထည်ပဲရှိကာ လက်စမသတ်နိုင်ခဲ့တဲ့ ဓမ္မရံကြီးက တော့ ရောက်တိုင်း တွေးစရာ ပဟေဠိတွေနဲ့ချည်းပါပဲ။

ဓမ္မရံကြီး- ညနေ နေမဝင်ခင်အချိန်လေးက အကောင်းဆုံးပါပဲ။ တွေးတောလွမ်းဆွေးဖွယ်ရာတွေနဲ့ ညနေ နေရောင်ထဲမှာ ဘုရားကိုဖူးမြင်ရတာက အကောင်းဆုံးအချိန်ပါပဲ။ ဘုရားဝင်းထဲမှာရှိတဲ့ ရုပ်သေးဆိုင်မှာ ဓါတ်ပုံ ရိုက်နိုင်သလို ဝယ်ယူအားပေးနိုင်ပါသေးတယ်။

ဓမ္မရံကြီးနားမရောက်ခင် ပြသာဒ်ကြီးဘုရားလို့ အမည်ပြောင်းခေါ်ထားတဲ့ ပြသဒါးဘုရားရှိပါတယ်။ ထုထည် ကြီးမားပြီး နေဝင်ချိန်မှာ Sunset ကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ နန်းမြင့်မျှော်စင်နဲ့ တခြားဘုရားတွေကို လှမ်းမျှော်ကြည့်နိုင်ပြီး ဘုရားဝင်ပေါက်နားမှာတော့ အုန်းရေ၊ အသုပ်စုံနဲ့ ပဲနဲ့ ချက်ထားတဲ့ အညာမုန့်ဟင်းခါး ရနိုင်ပါတယ်။ အဝေးက လှမ်းကြည့်ရင် နေပူထဲမှာ ကြီးကြီးမားမားရှိနေတဲ့ အဆောက်အဦဖြစ်ပြီး လူတွေက ပြသဒါးဘုရားဆိုတာထက် ပြသာဒ်ကြီးလို့ ပြောင်းလဲခေါ်ဝေါ်လာကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သူကပဲ “ ဘုရားမှာ ပြသဒါး၊ ရက်ရာဇာရယ် မရှိပါဘူး။ ဘုရားဆိုတာ ကောင်းတဲ့အရာပါပဲ” လို့ ဆက်ပြော ပါတယ်။

ပြသာဒ်ကြီးဘုရား- ညနေ နေဝင်ဆည်းဆာ ကြည့်ဖို့ အကောင်းဆုံးပါပဲ။ ပုဂံတစ်မြို့လုံး လှမ်းမြင်ရသလို ခံစားစေရမှာဖြစ်ပြီး နေ့ခင်းဆိုရင်တော့ နေပူထဲမှာ အရိပ်မရှိ တည်ရှိနေတဲ့ ဘုရားကြီးပါပဲ။

နေ့လည်နေ့ခင်း ဗိုက်ဆာနေပြီဆိုရင်တော့ မြန်မာအရသာ အညာလက်ရာကို မြည်းစမ်းတာ အကောင်းဆုံးပါပဲ။ ပုဂံမြို့ဟောင်း၊ သရပါဂိတ်အနီးက ထမင်းဆိုင်နှစ်ဆိုင်ကတော့ ပြည်တွင်းခရီးသည်တွေအကြိုက်ပါ။ တစ်ဆိုင် က မင်းအိုချမ်းသာဘုရားအနီးဖြစ်ပြီး ဟင်းရံပွဲတွေ၊ ဟင်းချို အခမဲ့ဖြစ်ပြီး ထမင်းနဲ့ ဟင်းကတော့ ကျပ်တစ် ထောင် ဖြစ်ပါတယ်။ အဲဒီဖက်ခပ်လှမ်းလှမ်းကဆိုင်ကတော့ ဟင်းရံ၊ ဟင်းချိုတွေ အခမဲ့ဖြစ်ပြီး ထမင်းတစ်ပွဲ ၅ဝဝ နဲ့ ဟင်းကတော့ ရွေးချယ်ရာပေါ် မူတည်ပါတယ်။ သတိပြုရမှာက ကြက်သားလေးတုံးပါတဲ့ပွဲမှာ တစ်တုံး ချင်းစီ ဈေးယူတာပါပဲ။ မစားခင်မှာ ဈေးနှုန်းကြိုတင်မေးမြန်းထားတာ အကောင်းဆုံးပါပဲ။

တိုးတိုးဝင်းမြန်မာထမင်းဆိုင်လည်း အဲဒီအနီးအနားရှိပါသေးတယ်။ ထမင်းစားပြီး ပြန်အထွက်မှာ လက်ဆောင် ပစ္စည်းဆိုင်တွေ အဲဒီအနီးမှာ ရှိတာဖြစ်လို့ ဝင်ရောက်ကြည့်ရှုနိုင်သလို မြေနဲ့ လုပ်တဲ့ ပုဂံအမှတ်တရ ရုပ်ထုတွေ၊ စကျင်ကျောက်နဲ့ လုပ်တဲ့ အရုပ်တွေ၊ စဥ့်ထည်တွေ၊ ရုပ်သေးရုပ်တွေလည်း ဈေးနှုန်းမှန်ကန်စွာ ရနိုင်ပါတယ်။

ပုဂံရှေးဟောင်းသုတေသနပြတိုက် ( Bagan Archaeological Museum) ကိုလည်း သွားရောက်လေ့လာ သင့်ပါတယ်။ အနည်းငယ် ပျင်းစရာကောင်းတယ်ဆိုပေမယ့် လေ့လာသင့်တဲ့နေရာတစ်ခုပါပဲ။ ၁၉ဝ၄ ခုနှစ်တွင် စတင်ခဲ့ပြီး  ကမ္ဘာ့အဆင့်မီ ရှေးဟောင်းသုတေသနပြတိုက်ကြီးကို ၁၉၉၅ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပုဂံမြို့ဟောင်း၊ ကန်တော့ပလ္လင်ဘုရား တောင်ဖက် မှာ တည်ရှိပြီး ပြခန်း ၁ဝခန်း ခင်းကျင်းပြသထားပါတယ်။ ပုဂံခေတ်လက်ရာ ဆင်းတုတွေ၊ အုတ် ခွက်၊ ကျောက် စာ၊ အနုပညာလက်ရာတွေကို တွေ့မြင်နိုင်ပြီး ပြတိုက်ထဲကို ဖုန်း၊ ကင်မရာ၊ အိတ်တွေ ယူဆောင်ခွင့် မပြုပါဘူး။ ပြတိုက်ပရဝုဏ်အတွင်း ဓါတ်ပုံရိုက်ကူးလိုပါက ကျပ် ၃ဝဝမှ ကျပ် ၃ဝဝဝ အတွင်း အခွန်ပေးဆောင်ရမှာ ဖြစ်ပြီး တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ပြတိုက်ပိတ်ရက်ဖြစ်ပါတယ်။

ပြတိုက်ဖွင့်ချိန် - ၉နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ

ဝင်ကြေး- နိုင်ငံခြားသား ( လူကြီး၊ ကလေး) ၅ဝဝဝ ကျပ်၊

  • နိုင်ငံသား ၅ဝဝ ကျပ် ၊ ကလေး၊ ရဟန်း- ၂၅ဝ ကျပ်
  • ကျောင်းသား၊ ကျောင်းသူ- အခမဲ့

နေ့ခင်းနေပူချိန်မှာ ဘယ်မှမသွားတော့ဘဲ အေးအေးဆေးဆေး လေ့လာသင့်တဲ့နေရာတစ်ခုဖြစ်ပြီး စနေ၊ တနင်္ဂနွေကတော့ လူများတတ်ပါတယ်။

ညောင်ဦးမှာတော့ သွားသွင့်တဲ့ ယောနသံ ပန်းချီပြခန်း ရှိပါတယ်။ တစ်ခြားပြခန်းတွေနဲ့ မတူညီတာ ကတော့ ပုလင်းပန်းချီရေးဆွဲတာတွေပါ ရနိုင်ပါတယ်။ ညောင်ဦးမှာ တစ်ဦးတည်းသော ပုလင်းပန်းချီဆရာလို့ ပန်းချီဆရာ ယောနသံက ပြောပါသေးတယ်။ ဆီဆေး၊ အခရိုင်းလစ်ကားတွေကို ပုံဖော်ရေးဆွဲထားပြီး အရောင် ခပ်တောက်တောက်တွေ အသုံးပြုတာ များပါတယ်။ ကင်းဗတ်စ်စပေါ်မှာတင်မကပါဘူး။ ပုလင်းထဲမှာပါ ပန်းချီ တွေ ရေးဆွဲထားတာကိုပါ တွေ့မြင်နိုင်ပါတယ်။ ပုလင်းပန်းချီတွေကတော့ ကျပ် ငါးထောင်ကနေ အစားစား ရှိပြီး ပန်းချီကားတွေကတော့ ကျပ်နှစ်သောင်းကျော်မှ အစားစားရှိပါတယ်။

Yaw Na Than

Creative Art Work (Painting in Bottle)

Near Pyi Wa Restaurant, Nyaung U

[email protected]

ပုလင်းပန်းချီဝယ်ယူတာ ပိုသင့်တော်ပါတယ်။ ပုဂံလက်ရာတွေ ဆွဲဖို့ အပ်နိုင်ပြီး နှစ်ရက်လောက် အချိန်ပေးရ တတ်ပါတယ်။ ပုလင်းပန်းချီ အသင့်ရှိတာတွေလည်း ဝယ်နိုင်ပါသေးတယ်။

အဲဒီနားမှာပဲ ရွှေပြည်နန်း အဆောက်အဦတစ်ခု ရှိပါတယ်။ သူကတော့ လမ်းထိပ်ဖက်နားကျပြီး ရွှေပြည်နန်း သနပ်ခါးပြတိုက် တည်ရှိပါတယ်။ ၂ဝဝ၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး  သနပ်ခါးထွက်ရှိရာ ဒေသတွေ၊ သနပ်ခါးရဲ့ ဆေးဖက်ဝင်ပုံ၊ သနပ်ခါးနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေ အပါအဝင် ရတနာပုံခေတ်ကာလမှာ အသုံးပြုခဲ့တဲ့ မှန်တင်ခုံ၊ သနပ်ခါးသွေးရာ ကျောက်ပြင်တွေအပြင် ပုဂံခေတ်က သနပ်ခါးအတုံးတွေကို မီးဖုန်းပွဲသဘင်မှာ အသုံးပြုခဲ့ပုံ၊ ပဲခူးရွှေမောဓောဘုရားဌာပနာတည်ရာတွင် မင်းသမီး ရာဇဓာတုကလျာက သူအမြတ်တနိုးအသုံးပြု တဲ့ ရတနာကျောက်ပျဉ်ကို လှူဒါန်းခဲ့ပုံတွေပါ တွေ့မြင်ရမှာပါ။

နံနက် ၈နာရီခွဲမှ ည ၉ နာရီအထိ၊ ဝင်ကြေးအခမဲ့

ညောင်ဦးမှာတည်းတယ်ဆိုရင်တော့ ညဖက် အေးအေးဆေးဆေး ကြည့်ရှုလေ့လာနိုင်ပါတယ်။

Massage & Beauty Salon

အဲဒီဝင်းထဲမှာ လည်ပတ်လို့ ညောင်းညာနေသူတွေအတွက် အနှိပ်ခန်းတစ်ခု ရှိပါတယ်။ အမျိုးသား၊ အမျိုးသမီး ဝင်ရောက်နိုင်ပြီး Foot Massage နဲ့ Body Massage ကို ပြုလုပ်နိုင်ပါတယ်။ အေးအေးဆေးဆေး သက်သာ စွာနဲ့ Hall ခန်းထဲမှာ အနှင်းအနှိပ် ခံယူနိုင်ပါတယ်။

နေ့လည် ၁၁ နာရီမှ ညနေ ၉ နာရီ

Foot Massage- 8000 Kyats

Body Massage- 9000 Kyats

Shwe Pyi Nann Beauty Salon မှာလည်း ကိုယ် လိုအပ်တာတွေ ပြုလုပ်နိုင်ပါသေးတယ်။

တစ်နေကုန် လည်ပတ်ပြီး ညောင်းညာနေသူတွေအတွက် မအိပ်ခင်မှာ သွားရောက်သင့်ပါတယ်။

“ သူရဲကောင်းတို့ လှံရာ၊ ဓါးချက်များ….

မြန်မာဟေ့လို့ ဟစ်ကြွေးဆဲ သက်သေများ…..”

ပုဂံရဲ့ ဘုရားအုပ်ချပ်တွေကို ထိတွေ့လိုက်တိုင်း အတိတ်က အားမာန်တွေက လက်ရှိပစ္စပ္ပုန်အထိ ရောက် လာသလိုလို။ အတိတ်ကို တမ်းတတာမဟုတ်ပေမယ့် ကြီးမြတ်တဲ့ သမိုင်းကြောင်းတွေနဲ့ ပုဂံကတော့ မြန်မာ မှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့အတိုင်း ကိုယ်တိုင်ရောက်အောင်သာ သွားကြည့်လိုက်ပါလို့ တိုက်တွန်းလိုက် ပါရစေ။

Bookmark