ကိုဗစ် ကူးစက်ရောဂါကြောင့် အသွားအလာ ကန့်သတ်ချက်တွေနဲ့ Stay Home နေရတဲ့ အတွက် စီးပွားရေးလုပ်ငန်းတွေက မိရိုးဖလာနည်းကနေ ခေတ်မှီနည်းပညာတွေကို ပြောင်းလဲမှန်းမသိ ပြောင်းလဲလာခဲ့ပါတယ်။
ဒီပြောင်းလဲမှုက ကိုဗစ်ရောဂါဖြစ်ပွားမှုထဲက ကောင်းသောပြောင်းလဲမှု တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အချိန်ကြာမြင့်လာတဲ့ နောက်ပိုင်း အိမ်ခြံမြေရောင်းဝယ်မှုပုံစံက Digital Marketing နဲ့ အရောင်းအဝယ်တွေ ပြုလုပ်လာတဲ့ ဘက်ကို ဦးတည်လာတယ် လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရပါတယ်။
" ၂၀၂၀ခုနှစ် မတ်လနောက်ပိုင်းကို ကိုဗစ်အခြေအနေက သတ်မှတ်ချက်တွေနဲ့ အညီ သွားတယ်။ အဲဒီအချိန်အခါမှာ ဘာတွေ ထွန်းကားလာလဲဆိုတော့ အရင်တုန်းက အိမ်ခြံမြေစီးပွားရေးလုပ်ငန်းမှာ လက်တွေ့ကွင်းဆင်းပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်တဲ့ အချိန်အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ပြီးမှ ဝယ်တာရောင်းတာတွေ ရှိတယ်"
" သို့ပေမယ့် အခုအချိန်အခါမှာ ပြောင်းလဲလာတဲ့အခြေအနေအရ ကွင်းဆင်းပြီးတော့ မကြည့်ရသော်လည်း လိုင်းပေါ်မှာတင်ပြီး ဖေ့ဘုတ်မှာသော်လည်းကောင်း၊ ဗီဒီယိုနဲ့ သော်လည်းကောင်း အိမ်ခြံမြေစီးပွားရေးပေါ်မှာ ဒီလို အရောင်းဝယ်လုပ်လို့ရပါလားဆိုတဲ့ အသိကဝင်လာတဲ့အတွက် အိမ်ခြံမြေစီးပွားရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းမှာ Digital Marketing System ထွန်းကားလာတယ်လို့ ပြောလို့ရပါတယ် "
" နဂိုက သွားနေတာက လုပ်ရိုးလုပ်စဉ်အနေနဲ့ သွားတာပေါ့။ စာအုပ်အပေါ်မှာ တန်းသွင်းမယ်။ ပြီးတော့ လိုက်ပြမယ်။ လိုက်ပြပြီးတော့မှ ဒီအပေါ်မှာ ဆုံးဖြတ်မယ်။ ဒါပေမယ့် တချို့တလေက လိုက်မပြသော်လည်း သူ GPS နဲ့ ထောက်ပြလိုက်မယ်၊ အကွက်အကွင်းနဲ့ မြေနေရာကို ဖုန်းနဲ့ မေးပြီးတော့မှ ကြိုက်ရင် ဈေးဘယ်လောက်လဲ"
" တစ်ယောက်နဲ့ တစ်ယောက် ကြားထဲကနေ အကျိုးဆောင်မှုတွေ လုပ်ပေးတဲ့အချိန်အခါမှာ သြဂုတ်လ နောက်ပိုင်းမှာတော့ အိမ်ခြံမြေစီးပွားရေးက ပြန်ပြီးတော့ အခြေနေကောင်းလာပါတယ်" လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောကြားခဲ့ပါတယ်။
လက်ရှိကာလ စီးပွားရေးကြပ်တည်းလာတဲ့အတွက် မြို့တွင်းအိမ်ခြံမြေများ ဝယ်ယူကာ မြေပေါ်ရင်းနှီးမြှုပ်နှံမှုများထက် ငှားပြီးရင်နှီးမြှုပ်မှုတွေ ပိုများလာတဲ့အတွက် မြို့တွင်း အိမ်ခြံမြေရောင်းဝယ်မှုများ ကျဆင်းလာပါတယ်။
မြို့တွင်း အိမ်ခြံမြေဈေးနှုန်းတွေက မြို့ပြင်အိမ်ခြံမြေဈေးကွက်တွေနဲ့ ကွာလွန်းတာကြောင့် ကျယ်ကျယ်ဝန်းဝန်းနဲ့ လမ်းကောင်းတဲ့ မြို့ပြင်အိမ်ခြံမြေတွေက ပိုပြီး အရောင်းဝယ်ဖြစ်နေပါတယ်။
"လက်ရှိမြို့တွင်းပိုင်း အရောင်းအဝယ်က ကျတယ်။ မြို့တွင်းပိုင်းအရောင်းအဝယ်တာက လူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက စီးပွားရေးကြပ်တဲ့အတွက် သူတို့က မြေပေါ်မှာ ဝယ်ယူပြီးတော့ ရင်းနှီးမြှုပ်နှံတာထက် ငှားပြီးရင်းနှီးမြှုပ်နှံတဲ့ ကိစ္စပိုပြီးထွန်းကားလာတယ်။ အရင်ချိန်ခါတုန်းက မြေကို ဝယ်လိုက်မယ်။ အဲဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံမယ်။ မြေကလည်း တက်သွားမယ်။ စီးပွားရေးလုပ်ငန်းကလည်း အဆင်ပြေမယ် "
" အခုကျတော့ အိမ်ခြံမြေရဲ့ သဘောက ရောင်းချင်တဲ့အချိန်မှာ ရုတ်တရက် ရောင်းမရဘူး။ ဈေးကလည်း ထူးထူးခြားခြား တက်မလာဘူးဆိုတော့ ဒီအပေါ်မှာ မြို့တွင်းပိုင်းကို ဝယ်ယူပြီးတော့ ကုမ္ပဏီဖွင့်တဲ့ကိစ္စက အင်မတန်ရှားသွားတယ်။ ငှားပြီးတော့မှဘဲ ဖွင့်တယ်။ နောက်တစ်ချက်က မြို့တွင်း ဈေးနှုန်းတွေက မြို့ပြင်ဈေးနှုန်းနဲ့ တချို့နေရာမှာ တအားကွာခြားတယ်"
" မန္တလေးမြို့ရဲ့ အခြေအနေကလည်း မြို့ပြင်ကို ရွေ့တယ်။ ရန်ကုန် မန္တလေး နေပြည်တော် အပြိုင်အဆိုင် ဈေးကွက်ကြီး ၃ ခု ရှိတယ်။ အဲဒီထဲမှာ ရန်ကုန်ဘဲ ဖြစ်ဖြစ် မန္တလေးဘဲ ဖြစ်ဖြစ် နေပြည်တော်ဘဲ ဖြစ်ဖြစ် အဓိက အရောင်းဝယ်ဖြစ်နေတာက မြို့သစ်တွေမြို့သစ်တွေမှာ အရောင်းဝယ်ဖြစ်တာများတယ် " လို့ ဥက္ကဋ္ဌ ဦးတင်မောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ရောင်းဝယ်မှုပုံစံက ဈေးနှုန်းအနည်းကို အဝေးကနေ ဝယ်ယူပြီး ဈေးနှုန်းအမြင့်တွေကို ကိုယ်တိုင် ကြည့်ရှုဝယ်ယူကြခြင်း ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ အိမ်ခြံမြေရောင်းဝယ်မှုက လွန်ခဲ့တဲ့နှစ်တွေကထက်စာရင် အနည်းဆုံး (၆၀) ရာခိုင်နှုန်း အရောင်းအဝယ်ဖြစ်နေပါသေးတယ်။
အိမ်ခြံမြေကို အွန်လိုင်းက ကြည့်ရှုဝယ်ယူမှုတွေမှာ အကျိုးဆောင်လုပ်ငန်းတွေရဲ့ ယုံကြည်မှုများပေါ် မူတည်လာပြီး ကိုဗစ်ကာလအတွင်း အကျိုးဆောင်လုပ်ငန်းတွေက ယုံကြည်မှု ရရှိအောင် ပိုမိုတည်ဆောက်လာကြရပါတယ်။