Live-Style

မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့် မန္တလေးမြို့၌ ယခုရက်ပိုင်းအတွင်း နေရာကွက်၍ မိုးသည်းနိုင်

Read 366 times

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်များအရ (Depression) ဟု ခေါ်ဆိုသော မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံ ဒေသများအတွင်း အဖျားခတ်ခြင်းများ ဖြစ်ပေါ်ကာ တိုင်းဒေသကြီး အချို့၌ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သိရသည်။ 

အဆိုပါ မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၂ရက်၊ မြန်မာစံတော်ချိန် နေ့လည် (၃) နာရီ တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ် ကမ်းလွန် - ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေ) တို့တွင် ဖြစ်ပေါ်လျက် ရှိခဲ့ကြောင်း သိရသည်။ 

ထိုနောက် မုန်တိုင်းငယ်သည် မြောက် - အရှေ့မြောက် အရပ်သို့ ဆက်လက် ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ၎င်းနှင့်အတူ ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ဆာဂါ (Sagar) ကျွန်းနှင့် ခီပူပါရာ (Khepupara) မြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်လျက် ရှိပေသည်။ 

ယခုမှစ နောက်ထပ် (၂၄) နာရီအတွင်း ခန့်မှန်းချက်များအရ အဆိုပါ မုန်တိုင်းငယ် (Depression) သည် ကုန်းတွင်းကို ဖြတ်ကျော်ပြီးနောက် ကုန်းတွင်း မုန်တိုင်းငယ် (Land Depression) အဖြစ် မြောက် - အရှေ့မြောက် အရပ်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့မှ နောက် (၂၄) နာရီအတွင်း 

  • နေပြည်တော်၊ 
  • စစ်ကိုင်းတိုင်း ဒေသကြီး၊ 
  • မန္တလေးတိုင်းဒေသကြီး၊ 
  • မကွေးတိုင်း ဒေသကြီး၊ 
  • ကချင်ပြည်နယ်၊ 
  • ချင်းပြည်နယ်နှင့် 
  • ရခိုင်ပြည်နယ်

စသည်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရန်ကုန်နှင့် ကျန်တိုင်းဒေသကြီး ပြည်နယ်များ၌မူ အဖျားခတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 

ထို့်ပြင် ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်မည် ဟုလည်း သိရသည်။ 

လှိုင်းအမြင့်မှာ (၉) ပေမှ (၁၁) ပေခန့်အထိ ရှိနိုင်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ 

မိုးသည်းထန်စွာ ထစ်ချုန်း ရွာသွန်းခြင်း နှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်သူများ အနေဖြင့် မြေပြိုမှု အန္တရာယ်ကို သတိပြု နေထိုင်ကြရန် တိုက်တွန်းထားသည်။ 

ထို့ပြင် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူ များအနေဖြင့်လည်း လျှပ်တစ်ပြက် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် ကာကွယ် သတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြု နှိုးဆော်ထားပါသည်။ 

Ref : မိုးဇလ 

Bookmark