Education

ပုသိမ်ကြီး လူငယ်သင်တန်းကျောင်း တိုးချဲ့ဖွင့်လှစ်ထားခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေး

Read 683 times

လူငယ် ဆိုတာက အနာဂတ်ရဲ့ ကြယ်ပွင့်များ ဖြစ်ပါတယ်။ လမ်းမှန်ရောက်ပြီး လိမ္မာတဲ့ လူငယ်များရှိသလို လမ်းမှားကို လျှောက်နေရတဲ့ လူငယ်များလည်း ရှိနေပါတယ်။ ဒါ့ကြောင့် လမ်းမှားမရောက်ရအောင် လူငယ်သင်တန်းကျောင်းများဖွင့်လှစ်ပြီး ထိန်းသိမ်းပေးလျက်ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီးတွင် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းကို တိုးချဲ့ဖွင့်လှစ်ထားပြီး ကျောင်းနှင့်ပတ်သက်သော ညှိနှိုင်းဆွေးနွေးမှုများကို ဒီဇင်ဘာလ ၄ရက်နေ့ကဗီဒီယိုကွန်ဖရင့် အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် "မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းကို လိုအပ်ချက်အရ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး အခြေအနေအရပ်ရပ်ကြောင့် ပြစ်ဒဏ်ကျခံရမယ့် ကလေးတွေနဲ့ လူငယ်တွေကို ဥပဒေအရ လူငယ်သင်တန်းကျောင်းတွေမှာ ပြုပြင်၊ ပြုစု၊ ပျိုးထောင်ပေးနေပါတယ်" 

"ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ရာမှာ ကလေးသူငယ်ရဲ့ အသက်ကို (၁၈)နှစ်လို့ သတ်မှတ်ထားတာကြောင့် လူငယ် သင်တန်းကျောင်းတွေမှာ အသက်(၁၈)နှစ်‌အောက် ကလေးသူငယ်တွေကို တိုးမြှင့်လက်ခံခဲ့ရပြီး လူငယ်သင်တန်းကျောင်းတွေမျာ သင်တန်းသားများ တိုးလာကာ ဝန်ထမ်းအင်အားလိုအပ်ချက်များရှိနေပါတယ်။ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်စေဖို့ ဖွဲ့စည်းပုံများ တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ပုသိမ်ကြီး လူငယ်သင်တန်း ကျောင်းရဲ့ ဖွဲ့စည်းပုံအသစ်အရ လက်ရှိကျောင်းသား(၂၁၁)ဦးကို ဝန်ထမ်း(၁၆)ဦးဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါတယ်"

"နောက်ပြီး ကိုဗစ်-၁၉ ကာလဖြစ်နေတော့ တခြားစိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာပါ။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ (၃)လပတ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုများအပါအဝင် လုံခြုံရေး၊ အဆောက်အဦးလိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ‌ဆောင်ရွက် ပေးခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု မဖြစ်ပွားအောင်လည်း အထူးသတိပြုပြီး ဆောင်ရွက်ရမှာဖြစ်သလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်းများကို လိုက်နာပြီး သင်တန်းကျောင်းရဲ့ ရည်ရွယ်ချက်တွေကို အောင်မြင်စေဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"

"အတည်ပြု ပြဋ္ဌာန်းထားရှိတဲ့ လူငယ်ရေးရာ မူဝါဒမှာ လူငယ်ကို အသက်အရွယ် အပိုင်းအခြားအရ(၁၅ နှစ်မှ ၃၅ နှစ်အထိ) သတ်မှတ်ထားတာကြောင့် သင်တန်းကျောင်းမှာရှိတဲ့ ကျောင်းသားတွေ အတွက် အကျုံးဝင်နေပြီး လူငယ်ရေးရာမူဝါဒအရ လူငယ်တွေရဲ့ ရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် ကဏ္ဍ(၁၆)ရပ်ဖြင့် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်နေပါတယ်" 

"လူငယ်တွေက သူတို့ရဲ့ အခွင့်အရေးနှင့် ရပိုင်ခွင့်တွေကို တည်ဆဲဥပဒေများအရ ရယူခံစားနိုင်ပါတယ်။ ဒါပေမယ့် ဥပဒေဘောင် အတွင်း နေထိုင်ကြဖို့လိုအပ်ပြီး လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမှာ ဖြစ်တယ်"လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဆွေးနွေးခဲ့ပါတယ်။ 

ထို့နောက် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်း ကျောင်းများမှ ကျောင်းအုပ်များနှင့် ဝန်ထမ်းများက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် လိုအပ်ချက်တွေကို တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်တဲ့ အစီအစဉ်များကို ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များကိုလိုက်နာရန်၊ အမှုရင်ဆိုင်ရမည့်ကလေးများအတွက် သက်ဆိုင်ရာတရားရုံးများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်အသုံးပြုနိုင်ပြီး ပညာပေးသင်တန်းများကိုလည်း onlineစနစ် အသုံးပြုရန် စသဖြင့် ညွှန်ကြား ဆွေးနွေးခဲ့ပါတယ်။ 

အစည်းအဝေးကို ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မန္တလေးတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

By Mandalay Direcory

Bookmark