ကိုဗစ်ကူးစက်ရောဂါကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းတွေကို ရပ်တန့်ထားခဲ့တာဆိုရင် အချိန်အတော်ကြာမြှင့်နေပြီပဲ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းမှုကြောင့် ကိုဗစ်အေးကာလကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းအချို့ကို ပြန်ဖွင့်လှစ်ဖို့ အစီစဉ်တွေ ဆွဲနေကြပါပြီ။
ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို (၂၀၂၁) ခုနှစ် ဧပြီမှာ ပြန်လည် စတင်လုပ်ကိုင်ရန် ခန့်မှန်းကြပါတယ်။
“ပြည်တွင်းခရီးသွား ပြန်စဖို့ မတ်၊ဧပြီ ခန့်မှန်းထားတယ်၊ ရောဂါထိန်းချုပ်နိုင်မှုပေါ်မူတည်တယ်၊ဒါမှလည်း အလုပ်အကိုင်တွေပြန်ရလာမှာပေါ့" မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားခဲ့ပါတယ်။
COVID-19 ကူးစက်ရောဂါအလွန်ကာလ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဖော် ဆောင်နိုင်ရန်၊ ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်တွင်း၊ပြည်ပခရီးသွားများ သဘာဝ တောတောင် ရေမြေကိုထိတွေ့ခံစားနိုင်ရေး ရည်ရွယ်ပြီး ခရီးစဉ်ဒေသအသစ်တွေကိုလည်း ရှာဖွေထားတယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အဓိက မြို့တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးရဲ့ COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် အခြေအနေမူတည်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ပြန်စတင်နိုင်ဖို့ စီစဉ်ထားကြပါတယ်။
အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်မှာဖြစ်ပြီး COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း ခရီးသွားလုပ်ငန်းများက ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။
(၂၀၁၉) ခုနှစ်မှာ ခရီးသွားလုပ်ငန်းမှ ငွေကျပ် (၂.၅) ဘီလီယံရရှိခဲ့သော်လည်း (၂၀၂ဝ) ပြည့်နှစ်မှာ ခရီးသွားလုပ်ငန်းတစ်ခုလုံးရဲ့ ဝင်ငွေ (၉၀) ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။