Mandalay Trend Business

တရုတ်နိုင်ငံတွင် မန္တလေးမြို့ရှိ ကြောင်ပန်းစေ့များအား ဝယ်ယူသူ များပြားလျက်ရှိ

Read 1006 times

မြန်မာနိုင်ငံ အပူပိုင်း ဒေသများ၌ အလေ့ကျ ပေါက်လေ့ရှိသည့် ကြောင်ပန်းပင်မှ ထွက်ရှိသော ကြောင်ပန်းစေ့များအား  တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာသည့်အတွက်  မန္တလေးဈေးကွက် အတွင်းတွင်  ယခင်နှစ်ကထက် ဈေးများမြင့်တက်ကာ အရောင်းသွက်လျက် ရှိကြောင်း မန္တလေး ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကြောင်ပန်းစေ့များသည် တော်သလင်းလတွင် စတင်အပင်ပေါက်ပြီး ယခုသီတင်းကျွတ်ချိန် ကာလမှ စတင်ကာ တန်ဆောင်မုန်းလအထိ အပင်ကြီးထွားလျက် ရှိသည်။ ယင်း ကြောင်ပန်းစေ့များအား (၂၀၁၅) ခုနှစ်မှ စတင်ကာ တရုတ်ပြည် ဈေးကွက်သို့  စတင်စမ်းသပ် ပို့ဆောင် ရောင်းချခဲ့ရာမှ ဈေးကွက်ခိုင်မာမှု ရရှိခဲ့ခြင်း ဖြစ်သည်။

" ဒီကြောင်ပန်းပင်က အညာဒေသတွေမှာ မစိုက်ပျိုးဘဲ အလေ့ကျပေါက်တဲ့ အပင်အမျိုးအစား ဖြစ်တယ်။ အဓိကအနေနဲ့ အပူပိုင်းဒေသဖြစ်တဲ့ သဲချောင်းအနီး ပတ်ဝန်းကျင်နဲ့ ဧရာဝတီ၊ ချင်းတွင်း ကမ်းစပ်တွေမှာ အများအပြား ပေါက်ရောက်လေ့ ရှိပါတယ်။ သဲဆန်တဲ့မြေမှာ ပိုပြီး ရှင်သန်မှု ကောင်းတယ်။ "

" အပင်အမြင့်က လူတစ်ရပ်လောက် ရှိပြီး အစေ့ကို ခူးဆွတ် ရောင်းချလို့ရတဲ့  အပင်အမျိုးအစား ဖြစ်တယ်။ လက်ရှိဈေးကွက်မှာ  တော့ ဒီကြောင်ပန်းစေ့တွေကို နည်းပညာနဲ့ ပေါင်းစပ်ပြီး ဆေးဝါးနှင့် အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ နေရာတွေမှာ အသုံးပြုတယ်လို့ ကြားသိရတယ်။ " ဟု မန္တလေးမြို့ စိုးဝင်းမြင့် ပွဲရုံမှ တာ၀န်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ မန္တလေးဈေးကွက်တွင် ယခင်နှစ်က ပိဿာချိန် တစ်ပိဿာလျှင် (၃,၀၀၀) ကျပ်နှုန်းသာ ရှိခဲ့သော ကြောင်ပန်းစေ့များသည် ယခုရာသီတွင်မူ တရုတ်မှ အမြင့်ဈေးများ ပေးကာ အပြိုင် ဝယ်ယူနေမှုကြောင့် တစ်ပိဿာလျှင် (၅,၅၀၀) ကျပ်မှ (၆,၀၀၀) ကျပ်နှုန်းအထိ ဈေးမြောက်ပြီး ယခင်နှစ်ကထက် ပိုမို အရောင်းသွက်လျက် ရှိသည်။ 

လက်ရှိကာလတွင် မန္တလေးဈေးကွက် အတွင်းသို့ မင်းဘူး၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ ချောက်၊ ပခုက္ကူ၊ မုံရွာနှင့် ပြည်မြို့များမှ ထွက်ရှိသည့် ကြောင်ပန်းစေ့များ ဝင်ရောက်လျက်ရှိရာ ဈေးကွက် အခြေအနေမှာလည်း တိုးတက် ကောင်းမွန်လျက်ရှိသည် ဖြစ်သည်။

Source and Written by Aye Myat

Edited and Modified by Win MM Htay

Bookmark