မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ မန္တလေးမြို့၊ စက်မှုဇုန်များ အတွင်းရှိ အဆင့် A ရရှိကာ ပြန်လည်ပတ်ခွင့် ပြုထားသော စက်ရုံ၊ အလုပ်ရုံများအား ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး စည်းကမ်း မလိုက်နာပါက ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
ကိုဗစ်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ ပြန်လည် ဖွင့်လှစ်လည်ပတ်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိပြီး ညွှန်ကြားချက်များအတိုင်း တစ်သွေမတိမ်း လိုက်နာနိုင်သော စက်ရုံ အလုပ်ရုံများအား အဆင့် A အဖြစ် သတ်မှတ်ထားရှိခဲ့သည်။
ထို့ပြင် အဆင့် B ရရှိထားသော စက်ရုံများကိုလည်း သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ရန် မှာကြားထားပြီး အကယ်၍ လိုက်နာမှုမရှိပါက လုပ်ငန်း ပိတ်သိမ်းသည်အထိ အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေး အဖွဲ့များတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီတို့ ပါဝင်သည်။
ထိုစက်ရုံများထဲတွင် ဦးစားပေး ကဏ္ဍများဖြစ်သော စားသောက်ကုန်၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ် ပစ္စည်းလုပ်ငန်းများလည်း ပါဝင်ပြီး အခြားကဏ္ဍအတွင်းရှိ လုပ်ငန်းများမှ စက်ရုံ၊ အလုပ်ရုံများကိုလည်း လမ်းညွှန်ချက်များနှင့်အညီ ကိုက်ညီမှုရှိပါက ဖွင့်လှစ်ခွင့် ပြုထားသည်ဟု ဆိုသည်။
မန္တလေး စက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံပေါင်း (၁,၂၀၀) ကျော်ရှိပြီး လက်ရှိတွင် A အဆင့် ရရှိသော စက်ရုံ၊အလုပ်ရုံ (၅၀)ရာခိုင်နှုန်းခန့် လုပ်ငန်း လည်ပတ်လျက်ရှိကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။