Food and Drink Business

ကိုဗစ်ကာလအတွင်း မန္တလေးတိုင်း၏ ပျားရည်ဈေးကွက် အရောင်းသွက်နေ

Read 353 times

မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြိုနယ်အတွင်းရှိ ငါ့သရောက်မြို့အတွင်း ပျားရှာဖွေသူ အများစုသည် ယခု ကိုဗစ်ကာလ အတွင်းတွင်  ပျားရည်ဈေးကောင်း ရရှိနေသည့်အတွက်  မိသားစုဝင်ငွေ တွက်ခြေကိုက်နေသည် ဖြစ်ကြောင်း  ပျားရည် ရောင်းချနေသူများ၏ ပြောကြားချက်အရ သိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်ရှိ  ဂွေကုန်း၊ လက်ပံအိုင့်၊ ရွာသစ်၊ ကန်ပေါက်၊ ခွေးတောက်ပင်၊ တောင်နောက်ကျေးရွာနှင့် ညောင်ဦးမြို့နယ်ရှိ သူကောင်းတည်၊ အထက်ညဉ့်၊ အောက်ညဉ့်၊ ပုလင်းအနောက်၊ ပုလင်းအရှေ့၊ တောင်ဖက်တန်း ကျေးရွာတို့နှင့် ငါ့သရောက်မြို့ အောင်သာ၊ ကန်သာယာ၊ ဆင်သားမွေ ကျေးရွာတို့သည် တစ်နှစ်ပတ်လုံး ပျားရည် ရောင်းချခြင်းများဖြင့် မိသားစု စားဝတ်နေရေး ပြေလည်နေသည် ဖြစ်‌ကြောင်း ပျားရှာဖွေ လုပ်ကိုင်နေသူ တစ်ဦးမှ ပြောကြားသည်။

ပျားရှာဖွေသူ အများစုသည် ပျားနားဋောင်း၊ ပျားကြီးအုံ၊ ပစ်သုန်းပျား၊ ပရင်း(ယင်း) ပျားအုံများ ရှာဖွေကာ ရောင်းချလေ့ရှိသည်။ ပျားနားဋောင်းအုံသည် အငယ်စားပျားအုံ အမျိုးအစားဖြစ်ပြီး ပစ်သုန်းပျားသည် အခေါင်းရှိသော သစ်ပင်များတွင် အသိုက်အအုံ ဖွဲ့နေကြလေ့ရှိသည်။ 

ပရင်း(ယင်း) ပျားသည် သစ်ပင် အခေါင်းကျယ်နှင့် မြေတွင်းကျယ်များ အတွင်း အုံဖွဲ့နေကြသည်။ ပျားနားဋောင်းအုံသည် ပျားရည် အနည်းငယ်သာ ပါရှိပြီး ပျားကြီးအုံ တစ်အုံရရှိပါက ပျားရည် (၂၅) ကျပ်သားမှ (၅၀) ကျပ်သား အထိ ရနိုင်ပေသည်။

ပရင်း(ယင်း)ပျားအုံကို ရရှိပါက ပျားသလက်အနည်းဆုံး ငါးချပ်မှ ပျားသလက် (၁၅) ချပ်ထိပါရှိကြလေ့ ရှိသည်။ ယင်းသည် အထပ်လိုက် အုံဖွဲ့နေသည့်  ပျားမျိုး ဖြစ်သည့်အတွက် ပျားရည်အလွန် ကြည်လင်လေ့ ရှိသည်။  ထို့အပြင် ၄င်းပျားရည်သည် တစ်ပိဿာမှ ငါးပိဿာထိ ပါရှိတတ်ကြောင်း ကျောက်ပန်း တောင်းမြို့နယ် ဂွေကုန်းကျေးရွာ ပျားရှာဖွေသူ တစ်ဦးမှ ပြောကြားသည်။

လက်ရှိအချိန်တွင် ပျားရည် တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၈၀၀၀) ကျပ် အထိ ရောင်းချနေရသည် ဖြစ်သည်။ ပျားရည်  ရောင်းချသူများ အနေဖြင့် တစ်ရက်လျှင် ပျားရှာဖွေသူများ တစ်ပိဿာမှ လေးပိဿာထိ ရှာဖွေရောင်းချ နေရသည့်အတွက်  မိသားစု စီးပွားရေး ဝင်ငွေကောင်းနေသည် ဖြစ်သည်။

Bookmark