Photo : mizzima
Huawei Myanmar သည် ရန်ကုန်တိုင်း Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ မြန်မာကျပ်ငွေ (၁၁,၉၀၀,၀၀၀) တန်ဖိုးရှိသော Huawei Y5P ဖုန်း အလုံးရေ (၁၀၀) အား လှူဒါန်းခဲ့ကြောင်း အောက်တိုဘာလ (၂၈) ရက်နေ့က သိရသည်။
COVID-19 ရှေ့တန်း တိုက်စစ်မှူးများ ဖြစ်ကြသည့် ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကြား ဆက်သွယ်ရေး ပိုမိုမြန်ဆန် ကောင်းမွန် လာစေရန်နှင့် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ထပ်ဆင့် ပြန့်ပွားမှုကို ထိန်းချုပ်ရာတွင် ပိုမိုလွယ်ကူ လျင်မြန်လာစေရန် ရည်ရွယ်၍ ထိုသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဒုဥက္ကဌ ဒေါက်တာဇော်ဝေစိုးမှ လက်ခံခဲ့ပြီး ထို့သို့ လက်ကိုင်ဖုန်း လှူဒါန်းမှုသည် COVID-19 ထိန်းချုပ်ရာတွင် အဓိကကျသည့် ဆက်သွယ်ရေးအပိုင်းနှင့် အချက်အလက်များ မှတ်တမ်းတင်ခြင်း စသည့် အပိုင်းများတွင် အင်မတန် အထောက်အကူ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ရောဂါကူးစက်ခံရသော လူနာများ၊ စစ်ဆေးပြီး ရောဂါမတွေ့ရှိသော လူနာများနှင့် ပျောက်ကင်း သက်သာသွားသော လူနာများအကြား အခြေအနေကို အချင်းချင်း သိစေရုံသာမက ရုံးချုပ်၊ ကွာရန်တင်း စင်တာများနှင့် ဆေးရုံများ ကြားမှာပါ သတင်း အချက်အလက် မျှဝေခြင်းများအား မိုဘိုင်းဖုန်း မှတစ်ဆင့် ပိုမိုထိရောက်စွာ လုပ်ဆောင်လာနိုင်ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဩဂုတ်လမှ ပြန်လည်စတင်ကာ COVID-19 ဒုတိယလှိုင်း စတင်ခဲ့ခြင်း ဖြစ်ပြီး ယခု ဒုတိယအကြိမ် ပြန့်ပွားမှုသည် မြန်မာနိုင်ငံပေါ်သို့ သက်ရောက်မှု များစွာရှိသကဲ့သို့ ရောဂါ ကူးစက်နှုန်းမှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက် ရှိသည်။
Huawei Myanmar မှ COVID-19 တိုက်ဖျက်ရေးတွင် အုတ်တစ် ချပ်၊ သဲတစ်ပွင့် ပါဝင်နိုင်ရန်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ (NGO များ) နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည် ဇူလိုင်လတွင် Huawei Myanmar သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျပ်သိန်း ၇၂၀ ကျော် တန်ဖိုးရှိ AI နည်းပညာ ဝန်ဆောင်မှုများအား ရန်ကုန်တိုင်း အစိုးရသို့လည်းကောင်း၊ ကျပ်သိန်း ၁၆၀ ကျော် တန်ဖိုးရှိ N95 Mask များ၊ လက်သန့်ဆေးရည် နှင့် အလွှာသုံးလွှာ Mask စသည်တို့ကို မန္တလေးတိုင်း အစိုးရအဖွဲ့သို့လည်းကောင်း လှူဒါန်းခဲ့သည်ဟု သိရသည်။