By Thant
ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် နိုင်ငံတော် အနေဖြင့် မြန်မာငွေကင်္ပ သန်း (၁၀၀၀)ကျော်အထိ အသုံးပြုသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ (၂၁) ရက်နေ့က သိရှိရသည်။
ယင်း အကြောင်းအရာအား ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် COVID-19 ကာကွယ်ဆေးအား ထုတ်လုပ်နိုင်သည့် အခြေအနေ ရောက်ခဲ့လျှင် (သို့) ကုသဆေး ပေါ်ပေါက်လာလျှင် အချိန်နဲ့တစ်ပြေးညီ ဆောင်ရွတ်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်းကိုလည်း သိရသည်။ ၎င်းဆေးများအား ကမ္ဘာ့ကျန်းမာရေးဌာနမှ အတည်ပြုမှသာ အသုံးပြုသွားမည် ဖြစ်ကြောင်း မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
COVID-19 ကာကွယ်ရေးအတွက် အသုံးပြုသွားမည့် သန်း (၁၀၀၀) ကျော်သည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သဘာဝဘေးအန္တရာယ်အတွက် ဖယ်ထုတ်ထားသော ရန်ပုံငွေ အမျိုးဖြစ်ပြီး ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်များနှင့် လိုအပ်ချက်များ အတွက် အသုံးပြုသွားမည် ဖြစ်ပါသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် တိုက်တွန်းလိုက်ကာ ထိုသို့လိုက်နာမည်ဆိုပါက ကိုဗစ်ထိန်းချုပ်မှု လုပ်ငန်း မြန်မြန်အောင်မြင်လိမ့်မည်ဟု ပြောဆိုခဲ့သည်။