Health & Wellness

ရာသီမရွေး ဖြစ်ပွားနိုင်သည့် မျက်မြှေးရောင်ရောဂါကို ကာကွယ်၊ ကုသနိုင်မည့် နည်းလမ်းများ

Read 404 times

မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါ (Conjunctivitis) ဆိုသည်မှာ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် ဓာတ်မတည့်မှုများကြောင့် ဖြစ်ပွားတတ်ပြီး လူတိုင်းလိုလို အဖြစ်များသော မျက်စိရောဂါတစ်မျိုး ဖြစ်သည်။ 

မျက်မြှေးရောင်ရောဂါသည် မျက်စိတစ်ဖက် (သို့မဟုတ်) နှစ်ဘက်စလုံးတွင် ဖြစ်ပွားနိုင်ပြီး တစ်ခါဖြစ်ပွားပါက (၁)ရက်မှ (၇)ရက်ခန့်အထိ ကြာမြင့်တတ်ကာ လူကြီးလူငယ်မရွေး၊ ရာသီမရွေး ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။ 

ရောဂါလက္ခဏာများမှာ... 

  • မျက်စိယားယံခြင်း၊ 
  • ခိုးလိုးခုလုဖြစ်ခြင်း၊ 
  • မျက်ရည်ယိုခြင်း၊
  • မျက်စိနီရဲခြင်း၊ 
  • မျက်ဝတ်များထွက်ခြင်း၊ 
  • မျက်စိနာရောင်ရမ်းခြင်း၊ 
  • အလင်းရောင်မကြည့်နိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။ 

ကုသနိုင်သည့် နည်းလမ်းနှင့် ဆောင်ရန်ရှောင်ရန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ 

၁။ မျက်စိတစ်ဝိုက်ကို တစ်နေ့လျှင် (၂)ကြိမ်မှ (၃)ကြိမ်ခန့်အထိ သန့်ရှင်းသော အဝတ်စို (သို့မဟုတ်) ရေနွေးစိမ်ထားသော ဂွမ်းဖြင့် သန့်ရှင်းပါ။ 

၂။ ဆပ်ပြာနှင့် ရေကို အသုံးပြု၍ လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောပါ။

၃။ မျက်မှန်တပ်ရပါက မျက်မှန်ကို မကြာခဏ သန့်ရှင်းရေး ပြုလုပ်ပေးပါ။ မျက်ကပ်မှန် အသုံးပြုသူ ဖြစ်ပါက မျက်စိနာခြင်း ပျောက်ကင်းသည်အထိ မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ကြဉ်ပါ။

၄။ မျက်စိကို မကြာခဏပွတ်ခြင်းမှ ရှောင်ကြဉ်ပါ။

၅။ မျက်စိနာနေသူ၏ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ၊ မျက်မှန် စသည့် အသုံးအဆောင် ပစ္စည်းများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရပါ။ ထိုသူ၏ အဝတ်အစားများကို သီးသန့်လျှော်ဖွပ် သန့်စင်ရပါမည်။

၆။ အများသုံး ရေကူးကန်များ၌ ရေကူးခြင်း လုံးဝမပြုလုပ်ရပါ။

၇။ ရက်သတ္တပတ် (၁)ပတ်အတွင်း အလိုအလျောက် မသက်သာပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ပြသပြီး ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါ။

၈။ မျက်စိအမြင်အာရုံ ဆုံးရှုံးမှုမရှိစေရန် ကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်မရှိဘဲ မိမိသဘော ဆန္ဒအလျောက် မျက်စဉ်းခတ်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။

Bookmark