Business

ကိုဗစ်ကာလအတွင်း ပုံမှန်နှစ်များထက် ရောင်းအား မြင့်တက်လာသည့် မန္တလေး ဖီးကြမ်းငှက်ပျော စျေးကွက်

Read 367 times

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ် ကျေးရွာအုပ်စုရှိ ကျေးရွာများမှ စိုက်ပျိုးသည့် ဖီးကြမ်း ငှက်ပျောစိုက် တောင်သူများမှာ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဥ် ကာလအတွင်း၌ပင်  ဖီးကြမ်း ငှက်ပျောသီးများအား စျေးကွက်အတွင်း ရောင်းချနေရသည် ဖြစ်‌ကြောင်း လက်ပံခြေပေါ် ကျေးရွာရှိ  ငှက်ပျောစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့်  အုန္နဲကျောင်း အုပ်စုရှိ ကျေးရွာများတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို  မြေအောက်ရေ အသုံးပြု၍ စိုက်ပျိုးခြင်း၊ လက်ပံခြေပေါ် မြစ်ရေတင်၍  စိုက်ပျိုးခြင်း စသည်တို့ဖြင့် စိုက်ပျိုးဖြစ်ထွန်းလျက် ရှိကြသည်။

ယခုနှစ်အတွင်းတွင် ငှက်ပျောစိုက်ခင်းများမှ အထွက်နှုန်း အားကောင်းသည့်အပြင်  ငှက်ပျောခုတ်ချိန်၌လည်း  ဈေးနှုန်းကောင်းပေး၍ ဝယ်ယူကြသောကြောင့်  ငှက်ပျောစိုက် တောင်သူများ အဆင်ပြေနေကြသည်ဟု ဆိုသည်။  

လက်ပံခြေပေါ်ရွာမှ ဖီးကြမ်းငှက်ပျော စိုက်တောင်သူများသည် ငှက်ပျောပင်တိုိကို ဝါဆိုနှင့် ဝါခေါင်လတို့တွင် အများဆုံး စတင်စိုက်ပျိုး ကြလေ့ရှိပြီး  စိုက်ပျိုးပြီး (၁၀)လနှင့် (၁၁)လခန့်တွင် ငှက်ပျောခိုင် စတင်ခုတ်နိုင်ပြီဟု သိရသည်။ 

ငှက်ပျောတစ်ခိုင် ဈေးနှုန်းမှာ ငှက်ပျောဖီး အရေအတွက်ပေါ် မူတည်၍ ရောင်းချခြင်း ဖြစ်သည်။ ငှက်ပျောတစ်ဖီးလျှင် (၈၀၀)ကျပ်ခန့်ရှိပြီး (၈)ဖီး ပါသည့် ငှက်ပျောတစ်ခိုင်လျှင် (၆၄၀၀) ကျပ်နှုန်းဖြင့် သတ်မှတ် ရောင်းချလေ့ ရှိကြောင်း သိရသည်။

ထို့ပြင် (၁၀)ဖီး ပါသည့် ငှက်ပျောတစ်ခိုင်လျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် သတ်မှတ် ရောင်းချလျက် ရှိပြီး  လက်ရှိမှာ ကိုဗစ်ကာလ ဖြစ်သော်လည်း ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျော အားလုံးကို စျေးကောင်းကောင်းဖြင့် ရောင်းချနေရသည် ဖြစ်သည်။

ဖီးကြမ်းငှက်ပျောသီးနှံ တစ်ဧက စိုက်ပျိုးလျှင်  တစ်နှစ်အတွင်း သိန်းငါးဆယ်ကျပ်အထိ ၀င်ငွေရရှိလေ့ရှိပြီး လေးနှစ်အထိ တစ်ပင်ပြီးတစ်ပင် သားတက်ယူကာ ငှက်ပျောခြံအား ပြုပြင်စိုက်ပျိုးနိုင်သည် ဖြစ်သည်။ 

ယင်းငှက်ပျောများအား ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူမြို့ရှိ  ငှက်ပျောပွဲစားများမှ များသောအားဖြင့် လာရောက် ၀ယ်ယူကြလျက် ရှိကြောင်း သိရသည်။

Bookmark