Business

မြန်မာ့ထောပတ်သီးများအား တရုတ်နှင့် ထိုင်းနိုင်ငံမှ မှာယူမှုများပြား

Read 467 times

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများအား တရုတ်နှင့် ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့နေရသည် ဖြစ်ပြီး စျေးကောင်းများ ရရှိနေသည် ဖြစ်ကြောင်း မြန်မာ့ထောပတ်သီး ထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

လက်ရှိအချိန်တွင် နယ်စပ်မှတစ်ဆင့် မြန်မာ့ထောပတ်သီးများကို တင်ပို့ရာတွင် စျေးကွက်ဝင်သည့်အပြင် စျေးနှုန်းချိုသာခြင်းတို့ကြောင့်  တရုတ်နှင့် ထိုင်းနိုင်ငံများမှ မှာယူမှု ပိုမိုများပြားလာခြင်း ဖြစ်သည်။ 

“အသီးအနှံတွေကို တရား၀င် တင်ပို့လို့မရဘူး။ စီးပွားရေးနှင့် ကူးသန်း‌ရောင်း၀ယ်ရေး ၀န်ကြီးဌာနနဲ့ စိုက်ပျိုးရေးဌာနက အခြားသော နိုင်ငံတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နယ်စပ်တစ်လျှောက်ကို ထောပတ်သီးတွေ ပို့တယ်။ ဒါပေမယ့် အခြားနိုင်ငံတွေ ရောက်တဲ့အခါမှာ တရားမ၀င် ဖြစ်လာပြီး စျေးနှုန်း သက်သက်သာသာနဲ့ ရောင်းချနေတာ ဖြစ်တယ်”ဟု မြန်မာ့ထောပတ်သီး ထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူများ အသင်းမှ တာ၀န်ရှိသူတစ်ဦးမှ ပြောကြားသည်။

မြန်မာ့ထောပတ်သီး ၀ယ်ယူမှုအား ထိုင်းနှင့် တရုတ်နိုင်ငံများမှ အများဆုံး ဝယ်ယူနေကြခြင်း ဖြစ်သည်။ ထို့အပြင် ထောပတ်သီး တန်ချိန် (၅,၀၀၀) မှ (၁၀,၀၀၀)အား ၄င်းနိုင်ငံများသို့ နှစ်စဥ်တင်ပို့မှုများ ပြုလုပ်နေရသည် ဖြစ်သည်။

စျေးကွက်အတွင်းတွင်   မြန်မာ့ထောပတ်သီးအား  (၈၀၀) မှ (၁,၀၀၀) အထိ ရောင်းချလျက်ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ ထောပတ်သီးများအား လန်ဒန်နှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ နမူနာအဖြစ် တင်ပို့လျက် ရှိသည်။

ပြည်တွင်းစျေးကွက်တွင်လည်း ထောပတ်သီး တန်ချိန် (၃,၀၀၀)ကို နှစ်စဥ် စားသုံးလျက်ရှိပြီး ခရီးသွားရာသီ၌ ထောပတ်သီး စားသုံးမှုသည် ပိုမိုများပြားလာလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ထောပတ်စိုက်ခင်းဧက (၂၅,၀၀၀) ခန့်ရှိပြီး ချင်း၊ နာဂ၊ ရှမ်း နှင့် ပြင်ဦးလွင်တို့တွင် အများဆုံး စိုက်ပျိုးလေ့ရှိကာ မြန်မာ့ထောပတ်သီး မျိုးစိတ်ပေါင်း (၁,၀၀၀)ခန့် ရှိသည်။

Bookmark