Health & Wellness

ဒဏ်ရာရလူနာကို ရှေးဦးသူနာပြုနည်းနဲ့ ကုသရင် ဆောင်သင့်တဲ့အရာနဲ့ ရှောင်သင့်တဲ့ အရာများ

Read 343 times

ရှေးဦးသူနာပြုနည်း ဆိုတာ ရောဂါထဖောက်ခြင်း၊ ဒဏ်ရာရခြင်း စတဲ့ အခြေအနေတွေမှာ လူနာတွေကို ဆေးရုံ၊ ဆေးခန်းမပို့မီ ဆရာဝန်မဟုတ်တဲ့ သာမန်လူတစ်ဦးက ဝေဒနာသက်သာအောင် အကန့်အသတ်နဲ့ ပြုစုကုသပေးထားလို့ ရတဲ့နည်းလမ်းတွေကို ခေါ်ပါတယ်။ 

တစ်နည်းပြောရရင် ဒဏ်ရာအနာတရ ဖြစ်နေသူ၊ ရောဂါဝေဒနာ ခံစားနေရာသူ တစ်ဦးကို ဝေဒနာ လျော့ပါး သက်သာအောင် ရှောင်တခင် ပြုစုစောင့်ရှောက်ပေးမှုကို ရှေးဦးသူနာပြုနည်းလို့ ခေါ်တာပါ။ ဒီနည်းက လူတစ်ဦးရဲ့ အသက်ကိုပါ ကယ်ဆယ်နိုင်တဲ့အထိ အသုံးဝင်ပါတယ်။ 

ရှေးဦးသူနာပြုနည်း များစွာရှိတဲ့အထဲကမှ လူတိုင်း အလွယ်တကူ ကုသလို့ရပြီး အသုံးဝင်နိုင်မယ့် နည်းလမ်းအချို့ကိုလည်း ဗဟုသုတရဖွယ် ပြောပြပေးချင်ပါတယ်။ 

၁။ အသက်ရှူ/မရှူ စစ်ဆေးခြင်း 

လူနာက အသက်ရှူနေသေးလား ဆိုတာကို ပါးစပ်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်လှုပ်ရှားမှုကို ကြည့်ပြီး စစ်ဆေးလို့ ရပါတယ်။ အသက်မရှူဘူးဆိုရင်တော့ ချက်ချင်း ပါးစပ်ထဲကို လေသွင်းပေးတဲ့နည်းနဲ့ အသက်ကယ်နိုင်ပါတယ်။ ဒီနည်းက ရေနှစ်တဲ့အခါမျိုးမှာ များသောအားဖြင့် အသုံးပြုကြပါတယ်။ 

၂။ Accident ကြောင့် သွေးထွက်များခြင်း 

ထိခိုက်မှုတစ်ခုခုကြောင့် သွေးထွက်လွန်နေတဲ့ လူနာကို ဆေးရုံ၊ ဆေးခန်းမရောက်မှီ အသက်ကယ်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုရပါမယ်။ 

  • လူနာမကိုင်မီ လက်ကို စင်ကြယ်အောင် ဆေးပါ။ 

  • လက်အိတ်စွပ်ပါ။ 

  • လူနာကို လှဲနေစေပါ။ 

  • ခြေရင်းပိုင်းကို မြှင့်ထားပါ။ 

  • သွေးထွက်တဲ့နေရာကို တတ်နိုင်သလောက် မြှင့်ထားပေးပါ။ 

  • မလိုအပ်တဲ့ သွေးခဲ၊ သွေးပိတ် စတဲ့ အစိတ်အပိုင်းများကို ဖယ်ရှားပါ။ 

  • သန့်ရှင်းတဲ့ အဝတ်စ၊ ပတ်တီး၊ လက် စတာတွေနဲ့ သွေးထွက်တဲ့နေရာကို မိနစ်(၂၀)ခန့် ဖိထားပါ။ 

  • အဝတ်စနဲ့ ပတ်တီးတို့ကို မဖယ်ဘဲ ပလာစတာ ကပ်ပါ။ 

  • သွေးထပ်စိုလာရင်လည်း ပတ်တီးကို မဖယ်ပါနဲ့။ လိုအပ်ရင် နောက်ထပ် ပတ်တီးနဲ့ ပလာစတာ ထပ်သုံးပါ။ 

  • လိုအပ်ပါက သွေးထွက်စေတဲ့ သွေးလွှတ်ကြောကို ဖိထားပေးပါ။ (ဥပမာ၊ လက်ဆိုရင် ဂျိုင်း၊ လက်မောင်း။ ခြေထောက်ဆိုရင် ပေါင်ခြံ၊ ပေါင် စသဖြင့် ဖိထားပါ။ ) 

၃။ နှာခေါင်းသွေးယိုခြင်း 

နှာခေါင်းသွေးယိုတဲ့ လူနာကို ပထဦးဆုံး ရှေ့ကိုကိုင်းထားပြီး ထိုင်နေခိုင်းပါ။ ပြီးရင် နှာခေါင်းရဲ့ ပျော့တဲ့အပိုင်းကို လက်ချောင်းနှစ်ချောင်းနဲ့ ညှစ်ပါ။ (ဆယ်မိနစ်ကြာတဲ့အထိ ဆက်တိုက် ညှစ်ထားပေးပါ။) အကယ်၍ နှာခေါင်းသွေးယိုတဲ့ လူနာက ကလေးငယ်တစ်ဦး ဖြစ်မယ်ဆိုရင် အာရုံပြောင်းထားပေးသင့်ပါတယ်။ ပြီးရင်တော့ နှာခေါင်းပေါ်ကို ရေခဲတင်ပေးပါ။ 

နောက်တစ်နည်းကတော့     နှာခေါင်းအပေါ် နှာသီးနေရာမှာ လက်မနဲ့ လက်ညှိုးကို ဖိညှစ်ထားတာက သွေးထွက်နေတဲ့ သွေးကြောတွေကို ဖိနှိပ်လိုက်တာ ဖြစ်တဲ့အတွက် သွေး ချက်ချင်း တိတ်သွားစေပါတယ်။ 

အပေါ်က နည်းတွေအတိုင်း (၁၅)မိနစ်အထိ ပြုစုပြီးတာတောင် သွေးက လုံးဝမတိတ်ဘူးဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြီး ကုသမှု ခံယူရပါမယ်နော်။ ဒီဝေဒနာကတော့ နေပူထဲ အထွက်များသူတွေ၊ အပူအအေး မမျှသူတွေနဲ့ မတော်တဆ နှာခေါင်းကို ထိခိုက်မိသူတွေမှာ အဖြစ်များပါတယ်။ 

၄။ အရိုးကျိုးခြင်း 

ထိခိုက်မှုကြောင့် အရိုးကျိုးထားတဲ့ လူနာကို အရင်ဆုံး သွေးမထွက်စေဖို့ ဂရုစိုက်ပေးပါ။ အနာရှိရင် ဆေးထည့်ထားပြီး သတိမေ့မျောနေတဲ့ လူနာဆိုရင် အသက်ရှူ/မရှူ စစ်ဆေးပါ။ တစ်ခြားဒဏ်ရာ ရှိ၊ မရှိ စစ်ဆေးပြီး ကျိုးတဲ့အပိုင်းကို မလှုပ်ရှားအောင် ထိန်းပေးပါ။ ကျိုးနေတဲ့ ဒဏ်ရာကို လုံးဝ (လုံးဝ) နှိပ်မပေးရပါ။ အထိန်းမပါဘဲ မရွှေ့မိပါစေနဲ့နော်။ 

၅။ သတိလစ်ခြင်း 

အထိတ်တလန့် ဖြစ်တာ၊ အပူလျှပ်တာ၊ သွေးထွက်လွန်တာ၊ ချွေးထွက်လွန်တာ၊ မူးဝေတာနဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် သတိလစ်တတ်ပါတယ်။ သတိလစ်တဲ့ လူနာက မျက်နှာတစ်ခုလုံး နီရဲနေတတ်ပြီး နေပူလျှပ်တဲ့သူ ဆိုရင်တော့ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေတတ်ပါတယ်။ 

သတိလစ်လူနာရဲ့ ဦးခေါင်းကို ထောင်ပေးပြီး အပူလျှော့သွားအောင် ဂျိုင်းအောက်၊ မျက်နှာ၊ ကုပ်၊ လက်ကောက်ဝတ်နဲ့ ရင်ဘတ် စတဲ့နေရာတွေကို ရေအေးအေး ဆွတ်ထားတဲ့ အဝတ်နဲ့ အုပ်ပေးပါ ဒါမှမဟုတ် ရေခဲရနိုင်တဲ့ နေရာဆိုရင်တော့ ရခဲတင်ပေးလို့ ရပါတယ်။ 

လူနာသတိရလာရင် ရေအေးများများ သောက်ခိုင်းပြီး ကော်ဖီနဲ့ ဝီစကီလိုမျိုး အဖျော်ယမကာတွေကိုတော့ လုံးဝ ရှောင်ခိုင်းသင့်ပါတယ်။ အရက်မူးလွန်နေတဲ့ လူနာကိုတော့ ဦးခေါင်းကို အေးအောင်ပြုလုပ်ပြီး အန်ဆေး တိုက်ပေးရပါမယ်။ 

၆။ ပါးစပ်မှ လေမှုတ်သွင်းနည်း 

ရေနစ်တဲ့ လူနာကို ပါးစပ်ထဲ လေမှုတ်သွင်းတဲ့အခါ နည်းလမ်းကျအောင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ 

  • ပါးစပ်၊ အားခေါင်၊ လည်ချောင်းထဲမှာ အမှိုက်၊ အန်ဖတ်၊ အဝတ်စလိုမျိုး ပစ္စည်းတွေ ပိတ်ဆို့နေရင် အရင်ဆုံး ဖယ်ရှားပေးပါ။ 

  • လူနာကို မာတဲ့ကြမ်းပြင်ပေါ် ပက်လက်လှန်ထားပါ။ 

  • လူနာရဲ့ လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက် (ရှေ့)ကို မတင်ပေးပါ။ 

  • လူနာရဲ့ ပါးစပ်ကို ဖွင့်ထားပြီး  မိမိက လေတစ်ဝ ရှူထားပါ။ 

  • လူနာရဲ့ ပါးစပ်ကို မိမိပါးစပ်နဲ့ တေ့ပိတ်ကာ လေသွင်းပေးပါ။ 

  • ပါးစပ်ဖွင့်ထားလို့ ရရင် နှာခေါင်းကို မိမိလက်နဲ့ ပိတ်ပြီး ပါးစပ်ကနေ လေသွင်းပေးပါ။ (၂)ကြိမ်ခန့် ပြုလုပ်ပေးပါ။ 

  • (၂)ကြိမ်ပြုလုပ်ပြီး အသက်ပြန်လည်ရှူလာတာ များပါတယ်။ အသက်မရှူလာဘူးဆိုရင်တော့ CPR လုပ်သင့်ပါတယ်။ 

၇။ အသက်ရှူလမ်းကြောင်း စစ်ဆေးခြင်း 

လူနာက အစာအဆိပ်သင့်နေတာမျိုး၊ အစားနင်တာမျိုးနဲ့ အသက်ရှူလမ်းကြောင်းမှာ တစ်ခုခု တစ်ဆို့နေတာမျိုး ဖြစ်ရင် ဒီနည်းလမ်းကို အသုံးပြုပြီး အသက်ရှူလမ်းကြောင်းကို စစ်ဆေးလို့ ရပါတယ်။ အရင်ဆုံး အစားနင်ရင် ရှေ့ကို ကိုင်းထားပြီး ကျောကုန်းကနေ ထုပေးပါ။ အစာပြန်ထွက်တဲ့ လမ်းကြောင်းမှန်အောင် လည်ပင်းကို တည့်တည့် ထားပေးရပါမယ်။ 

လည်ချောင်းမှာ တစ်နေတာတွေ မရှိတော့ဘူး ဆိုရင်တော့ အောက်ပါနည်းလမ်းအတိုင်း အသက်ရှူလမ်းကြောင်းကို စစ်ပေးရပါမယ်။ 

  • လူနာကို မာကြောတဲ့ ကြမ်းပြင်ပေါ် ထားပါ။ 

  • လည်ပင်းကျိုးခြင်း ရှိ၊ မရှိ စစ်ပါ။ လည်ပင်းကို ဆန့်ထုတ်ခြင်း၊ မေးစေ့ကို မတင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ လူနာရဲ့ လျှာက အသက်ရှူလမ်းကြောင်းကို ပိတ်မနေအောင် လုပ်ရပါမယ်။ 

ရှေးဦးသူနာပြုစုနည်းတွေထဲက လူတော်တော်များများ အယူအဆ လွဲမှားနေတဲ့ အချက်တစ်ချို့ကိုလည်း ဖော်ပြပေးချင်ပါတယ်။ 

၁။ မီးလောင်ဒဏ်ရာ၊ ရေနွေးပူလောင်တာတွေကို ရေခဲ လုံးဝ မအုပ်ပါနဲ့။ အပူဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ အရေပြားကို ပိုဆိုးစေရုံကလွဲပြီး ဘာကောင်းကျိုးမှ မပေးပါ။ ရေခဲရေ မဟုတ်တဲ့ ရေအေးအေးနဲ့သာ လောင်းချ သန့်စင်ပေးပါ။ 

၂။ သွေးထွက်နေတဲ့ အနာပေါ်ကို ပတ်တီးနဲ့ အဝတ်စ အုပ်ထားပြီး သွေးခြောက်သွားတဲ့အခါ ချက်ချင်း မခွာပါနဲ့။ ရုတ်တရက် ခွာလိုက်တဲ့အခါ အနာပေါ်က သွေးခဲတွေ အကုန်ကပ်ပါသွားတာကြောင့် သွေးပြန်ယိုလာတတ်ပါတယ်။ 

၃။ နှာခေါင်းသွေးယိုတဲ့အခါ နောက်ကိုလှန်ပြီး မော့မထားရပါဘူးနော်။ မော့ထားတဲ့အခါ သွေးတွေက လည်ချောင်းကနေ ဆင်းသွားပြီး သွေးရောင်တွေ ပြန်အန်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ 

၄။ ကစားကွင်းထဲမှာ လဲကျသွားတဲ့ အားကစားသမားတွေ၊ လမ်းမှာ ယာဉ်တိုက်မှုကြောင့် လဲသွားတဲ့သူတွေကို ချက်ချင်း နေရာကနေ မရွှေ့ပါနဲ့။ အာရုံကြောမကြီး ထိခိုက်နေတာတွေ ရှိတဲ့အခါ လူနာကို ရွှေ့လိုက်ရင် အာရုံကြောမကြီးကို ပိတ်မိပြီး အကြောသေစေနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ ဆေးအကူအညီကို စောင့်ပြီး သစ်တုံးကို ရွှေ့သလိုမျိုး လှုပ်ရှားမှုအနည်းဆုံး အခြေအနေနဲ့ ရွှေ့ပြောင်းပါ။ 

၅။ ဒဏ်ရာကို တံတွေးဆွတ်တာက အနာပျောက်လွယ်တယ်ဆိုတာ မဟုတ်ပါဘူးနော်။ ခံတွင်းထဲက ဘတ်တီးရီးယားတွေ အနာထဲဝင်ကုန်လို့ ပိုတောင် အနာရင်းစေပါတယ်။ 

၆။ တစ်ကိုယ်လုံး အလက်ဂျစ်ထပြီး ယားလာတဲ့အခါ လိမ်းဆေးဝယ်လိမ်းတာမျိုး လုံးဝ မလုပ်သင့်ပါဘူးနော်။ ဓာတ်မတည့်မှုတွေဟာ အသက်ရှူကြပ်တဲ့အထိ ဖြစ်စေတာမို့ ဆေးခန်းအမြန်ဆုံးပြတာ အကောင်းဆုံးပါ။ 

၇။ ကြွက်သားတွေ၊ အဆစ်တွေ၊ အရွတ်တွေ ဒဏ်ရာရလာတဲ့အခါ ရေနွေးဝတ်အုပ်ပေးတာမျိုး လုပ်ရင် ဒဏ်ရာကို ပိုရောင်စေပါတယ်နော်။ ရေခဲဝတ်လေး အဆစ်ပေါ်ကို အုပ်ထားမှသာ အရောင်ကျလာမှာပါ။ 

၈။ မျက်လုံးထဲ တစ်စုံတစ်ခု ဝင်တဲ့အခါ မျက်လုံးကို မပွတ်ပါနဲ့။ ပွတ်လိုက်တဲ့အခါ မျက်သားကို ပိုပြီး ဒဏ်ဖြစ်စေပါတယ်။ အတင်းထုတ်ဖို့ မကြိုးစားပါနဲ့။ ရေသန့်နဲ့ ဆေးချပြီး မျက်စင်းခပ်ပေးတာ အကောင်းဆုံးပါပဲ။ 

Bookmark