By Thant
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၀၂၀) စက်တင်ဘာလ (၂) ရက် ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ကျန်ရှိနေသော ကုမ္ပဏီ (၂၀၇) ခု၏ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အား (၁) နှစ် ယာယီ ပိတ်သိမ်း လိုက်ပြီ ဖြစ်သည်။
ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်များ သင်္ဘောတင်သည့်နေ့မှ (၆)လအတွင်း နိုင်ငံတော်အတွင်း ရရှိသော ပို့ကုန်ရငွေ အားလုံးကို ဘဏ်စာရင်း၌ နိုင်ငံခြားသုံးငွေဖြင့် စာရင်းထည့်သွင်းရမည် ဖြစ်ပြီး ယခု အချိန်အထိ စာရင်းထည့်သွင်းရန် ကုမ္ပဏီ (၂၀၇)ခု ကျန်ရှိနေသေးကြောင်း သိရသည်။
(၂၀၁၇) ခုနှစ်မှ ယနေ့အထိ ပို့ကုန်ရငွေ အားလုံးကို ဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ(၄၅၃)ခု ရှိခဲ့သည်။ ဇန်နဝါရီလ (၂၉) ရက်နေ့မှစ၍ ရက်ပေါင်း(၆၀)အတွင်း ပို့ကုန်ရငွေ အားလုံးကို ဘဏ်စာရင်း၌ နိုင်ငံခြားသုံးငွေဖြင့် စာရင်းထည့်သွင်းရန် ကြေညာခဲ့ပြီး ယနေ့အထိ စာရင်းပေးသွင်းရန် ကျန်ရှိသော ကုမ္ပဏီ (၂၀၇) ခုရှိနေကြောင်း သိရှိရသည်။
ထို့အပြင် စာရင်း ထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း အပါအဝင် တည်ဆဲဥပဒေများဖြစ်သည့်
(၂၀၁၂) ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ နှင့်
(၂၀၁၅) ခုနှစ်၊ ပြင်ဆင်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ အခန်း(၁၁)၊ ပုဒ်မ (၃၈-ခ) တို့ဖြင့်
အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းကြေညာထားသည်။
စာရင်းထည့်သွင်းရန် ကျန်ရှိသော ယင်းကုမ္ပဏီ (၂၀၇) ခုအား အထက်ဖော်ပြပါ ဥပဒေအရ (၃-၇-၂၀၂၀) ရက်နေ့မှ (၂-၇-၂၀၂၁) ရက်နေ့အထိ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်အား (၁) နှစ်ယာယီပိတ်သိမ်းပြီးဖြစ်ပါသည်။
၎င်းလုပ်ငန်းများ၏ မှတ်ပုံတင်များအား ပိတ်သိမ်းပြီး ဖြစ်သော်လည်း ဘဏ်စရင်းတွင် မိမိတို့၏ ပို့ကုန်စာရင်းအား ထည့်သွင်းရမည် ဖြစ်ကြောင့် ထည့်သွင်းကြေညာ ထားခဲ့သည်။