အမှတ်တမဲ့အရာတွေက အမှတ်တရတွေဖြစ်သွားတဲ့အခါ သင့်အနားမှာ အရိပ်လို လိုက်စိုးမိုးနေမှာ အသေအချာပါပဲ။
ကိုယ်သိပ်ချစ်ရသူနဲ့ လမ်းခွဲလိုက်တဲ့အခါမှာ ဘယ်လိုပဲ မေ့လိုက်နိုင်ပြီးပြောပြော သူပေးထားတဲ့ ပစ္စည်းလေးတွေကိုမြင်တိုင်း သူနဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေကို ပြန်မြင်ယောင်မိမှာပါ။ ဒီခံစားချက်ကို ချစ်ရသူနဲ့ ဝေးဖူးသူတိုင်း ခံစားဖူးပါလိမ့်မယ်။
ဒီလိုအမှတ်တရတွေရှိခဲ့ဖူးတယ်ဆိုရင်တော့ အခုပြောပြပေးမယ့် ဇာတ်ကားလေးကို သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မျက်ရည်ခိုင်မှတော့ ဖြစ်မယ်နော်...
ဒီဇာတ်ကားလေးကတော့ "Happy Old Year" လို့ အမည်ရတဲ့ ထိုင်းအချစ်ဒရမ်မာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ပရိတ်သတ်အချစ်တော် Bad Genius ရုပ်ရှင်ကားထဲက မင်းသမီးလေး Chutimon Chuengcharoensukying နဲ့ Brother of the Year ဇာတ်ကားထဲကမင်းသား Sunny Suwanmethanont တို့ ပါဝင်သရုပ်ဆောင်ထားပြီး မန္တလေးမြို့ရဲ့ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသလျှက်ရှိပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Jean ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့ အခန်းလေးကို ရုံးခန်းအဖြစ်ပြောင်းလဲဖို့အတွက် မလိုအပ်တဲ့ ပစ္စည်းတွေကိုပစ်ဖို့ ရှင်းလင်းရင်း ချစ်သူဟောင်း Aim ပေးခဲ့တဲ့ အမှတ်တရ ပစ္စည်းလေးတွေကို ပြန်လည်ရှာတွေ့ခဲ့ပါတယ်။
ဒီအမှတ်တရပစ္စည်းလေးတွေတွေ့ပြီး သူတို့ချစ်သူနှစ်ဦးရဲ့ အရင်ကပုံရိပ်တွေ ပြန်လည်မြင်ယောင်ရင်း Jean တစ်ယောက် ဒီပစ္စည်းတွေကို လွှင့်ပစ်ဖို့ရာ အခက်တွေ့နေပါတယ်။
မေ့နိုင်ပြီလို့ ထင်ထားတဲ့အရာတွေဟာ တကယ်ပဲ လက်တွေ့မှာ မေ့ပစ်နိုင်ပြီလား၊ ဒီအမှတ်တရပစ္စည်းလေးတွေကို Jean တကယ်ပဲ စွန့်လွှတ်နိုင်မှာလား၊ ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလည်းဆိုတာကိုတော့ လွမ်းဆွက်ဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။