မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှစ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့အထိ ခရီးမိုင် (၄၉၀/၇) မိုင် အကွာအဝေးရှိသော မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းမှ မိတ္ထီလာ-တောင်ကြီးသွားလမ်းအား တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးက BOT စနစ်ဖြင့် လမ်းအဆင့်တိုးမြှင့်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ကလောမြို့မှ တောင်ကြီးမြို့အထိ လမ်းအရှည်သည် စုစုပေါင်း (၁၁၅) မိုင်ရှိရာ (၄၅) မိုင်ကို လမ်းချဲ့၍ လေးလမ်း သွားနိုင်ရန် အတွက် ကတ္တရာခင်းခြင်းလုပ်ငန်းကို တောင်ပေါ်ဒေသ ဆောက်လုပ်ရေးက BOT စနစ်ဖြင့် (၂၀၁၉) ခုနှစ်ကတည်းက ဖွင့်လှစ်ပြီး ဖြစ်ပါသည်။
ထို့ကြောင့် ယခုအခါတွင် မိတ္ထီလာမြို့မှစ၍ ရှမ်းပြည်နယ် တောင်ကြီးသို့ သွားသည့် (၁၁၅/၂) မိုင်ကို ပြင်ဆင် ဆောက်လုပ်ရာတွင် မန္တလေးတိုင်းဒေသကြီး အပိုင်းမှ (၂၆/၁) မိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဘက်ခြမ်း မန်တက်မှ ကလောအတက် လမ်းပိုင်းကို တောင်ဖြိုလမ်းချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့က လိုအပ်သည်များကို လမ်းညွှန် ဆောင်ရွက်ပေးသလို ရှမ်းပြည်နယ်တောင်ပိုင်း လမ်းဦးစီး ဌာနမှလည်ူ ကြီးကြပ်ဆောင်ရွက် ပေးသည်ဟု သိရသည်။
မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းသည် ပြည်ထောင်စု လမ်းမကြီးဖြစ်သလို အမှတ် (၂) AH2 အာရှလမ်းမကြီး၊ အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီး၊ မြန်မာပြည်အလယ်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်း၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ်ရေးအဖြစ် ဆောင်ရွက်နေသော လမ်းမကြီးဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း၊ မိတ္ထီလာ- ကလော- တောင်ကြီး-လွိုင်လင်-နမ့်စမ်အပိုင်းလမ်း တိုးတက်ပြုပြင်ခြင်း လုပ်ငန်းများကို နိုင်ငံသား လုပ်ငန်းရှင်များအား BoT စနစ်ဖြင့်လည်း ပေးထားသလို နမ့်စမ် မှ တာကော်အထိအပိုင်းကို ရှမ်းပြည်နယ်တောင်ပိုင်း လမ်းဦးစီးဌာနမှလည်းကောင်း လမ်းအဆင်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
Ref; the mirror